ကလေးတွေမှာ ချောင်းဆိုးတဲ့အခါ
ကလေးတွေ ဆေးရုံလာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ချောင်းဆိုးတာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ချောင်းဆိုးတယ်ဆိုတာ တကယ်တော့ လည်ချောင်းထဲကအရာတွေကို အဆုတ်ထဲမရောက်သွားအောင် ရှင်းထုတ်တဲ့သဘောပါ။ ဒီအရာတွေဆိုတာ ရှူသွင်းလိုက်တဲ့ တစ်စုံတစ်ခုဖြစ်နိုင်သလို အဆုတ် သို့မဟုတ် လေလမ်းကြောင်းကနေ ထုတ်လိုက်တဲ့အရာတွေလည်း ဖြစ်နိုင်ပါတယ်။
အဆုတ် (သို့) လေလမ်းကြောင်းကနေ ထုတ်လိုက်တဲ့အရာဆိုတာ ချွဲသလိပ်တွေပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံ ချောင်းဆိုးထုတ်လိုက်တဲ့အခါ သွေးတွေလည်း ပါလာတတ်ပါတယ်။ ဒီလိုချွဲသလိပ်တွေ၊ သွေးတွေပါလာတဲ့ချောင်းမျိုးကို ချောင်းစိုလို့ ခေါ်ပါတယ်။ ထွက်လာတဲ့ချွဲသလိပ်တွေကို လူကြီးတွေနဲ့ ကလေးကြီးတွေကတော့ ချောင်းဆိုးထုတ်တတ်ပေမယ့် ကလေးငယ်လေးတွေဟာ မထုတ်တတ်ဘဲ မျိုချလိုက်လေ့ရှိပါတယ်။ တချို့ချောင်းတွေကတော့ ဘာမှမထွက်လာတတ်တာမို့ ချောင်းခြောက်လို့ ခေါ်ပါတယ်။
အကြောင်းရင်းကိုရှာရမယ်ဆိုရင် ချောင်းဆိုးတာ ၄ ပတ်ကျော်ပြီလား (နာတာရှည်ချောင်းဆိုးခြင်း)၊ မကျော်သေးဘူးလား (ယာယီချောင်းဆိုးခြင်း) ဆိုတာပေါ် မူတည်ပါတယ်။
ယာယီချောင်းဆိုးခြင်းထဲမှာဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းက အများဆုံးပါပဲ။
Solmux Kids 1

>> နာတာရှည်ချောင်းဆိုးခြင်းထဲမှာဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းတွေက -
● ပန်းနာရင်ကြပ်ရောဂါ
● အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း
● နှာရည်အသက်ရှူလမ်းကြောင်းထဲကျခြင်း စတာတွေပါပဲ။
>> အဖြစ်နည်းတဲ့တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။
1. ယာယီချောင်းဟာ အစားအစာအပိုင်းအစတို့၊ အရုပ်အပိုင်းအစတို့လိုမျိုး ပြင်ပပစ္စည်းတွေ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတာ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ရက်တစ်ရာချောင်းဆိုး၊ တီဘီ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
2. နာတာရှည်ချောင်းဟာလည်း ပြင်ပပစ္စည်းဝင်သွားတာ၊ မျိုးရိုးလိုက်ရောဂါတွေဖြစ်တဲ့ cystic fibrosis အသက်ရှူလမ်းကြောင်း အချွဲမူမမှန်ရောဂါ၊ အသက်ရှူလမ်းကြောင်း အမြှေးမူမမှန်ရောဂါတွေ၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ မွေးရာပါချို့ယွင်းချက်တွေ၊ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းရောဂါတွေ၊ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ချောင်းဆိုးခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
Solmux Kids 2

>> စမ်းသပ်စစ်ဆေးခြင်း
ချောင်းဆိုးတိုင်း ဆရာဝန်နဲ့ ချက်ချင်းပြစရာမလိုပါဘူး။ ဘယ်လိုလက္ခဏာပြရင် အရေးပေါ်ပြဖို့ လိုမလဲဆိုတာကို မေမေဖေဖေတို့ သိထားရင်ကောင်းပါတယ်။
>> အချက်ပြလက္ခဏာများ
● နှုတ်ခမ်းတွေ၊ အရေပြားတွေ ပြာလာခြင်း
● ကလေး အသက်ရှူတိုင်း ရွှီရွှီသံအကျယ်ကြီးမြည်ခြင်း
● အသက်ရှူခက်ခဲခြင်း
● ကလေးပုံကြည့်ရတာ တော်တော်မသက်မသာဖြစ်နေခြင်း
● ထိန်းမရအောင် ဆက်တိုင်းချောင်းဆိုးပြီးနောက် အသံအကျယ်ကြီးနဲ့ အသက်ကိုရှူသွင်းလိုက်ခြင်း
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာပြသင့်သလဲ?
အပေါ်မှာပြောခဲ့တဲ့ စိုးရိမ်ဖွယ်လက္ခဏာတွေရှိလာရင်၊ ကလေး တစ်ခုခု ရှူသွင်းလိုက်မိတယ်လို့ထင်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ အပေါ်ကလက္ခဏာတွေ မရှိပေမယ့် ကလေးက ချောင်းသံပြင်းပြင်း မကြာမကြာ ဆိုးနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်ပါ။ ဒီလိုချောင်းဆိုးနေတဲ့ ကလေးတွေဆိုရင် ကလေးရဲ့အသက်၊ အဖျားလိုမျိုး တခြားလက္ခဏာတွေ၊ အဆုတ်ရောဂါလိုမျိုး အောက်ခံရောဂါတွေပေါ် မူတည်ပြီး ဆရာဝန်က တစ်ရက်လောက်အတွင်းမှာ လာပြခိုင်းနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရံဖန်ရံခါ ချောင်းဆိုးပြီး နှာစေးတာလိုမျိုး တုပ်ကွေးလက္ခဏာမျိုးသာရှိရင်တော့ အိမ်မှာစောင့်ရှောက်မှု ပေးနိုင်ပါတယ်။
နာတာရှည်ချောင်းဆိုးနေပြီး အပေါ်ကအချက်ပြလက္ခဏာတွေ မရှိရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပေမယ့် ရက်နည်းနည်း စောင့်လို့ရနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















