/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ရာသီတုပ်ကွေးရောဂါ-ဖြစ်လာခဲ့ရင်

ကလေးတွေမှာ ရာသီတုပ်ကွေးရောဂါ ဖြစ်လာခဲ့ရင်

Category
ကလေးများနှင့်ကျန်းမာရေး

ရာသီတုပ်ကွေးရောဂါဆိုတာ အသက်ရှူလမ်းကြောင်းမှာ Influenza ဗိုင်းရပ်စ်ပိုး ဝင်ရောက်လို့ဖြစ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးပါ။ ရာသီအကူးအပြောင်းနဲ့ အေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ Influenza ဗိုင်းရပ်စ်အမျိုးအစား အေ၊ ဘီ နဲ့ စီ ဆိုပြီး ရှိတဲ့အထဲမှာမှ အေနဲ့ဘီကပဲ ပြင်းထန်လက္ခဏာတွေကို ဖြစ်စေပြီး ဗီဇပြောင်းလေ့ရှိတာကြောင့် ရာသီတုပ်ကွေး epidemic ဖြစ်စေတဲ့ အမျိုးအစားတွေဆိုပြီး သတ်မှတ်ထားကြပါတယ်။

>>  ရာသီတုပ်ကွေးဟာ ဘယ်လိုကူးစက်နိုင်သလဲ?
ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိလို့ဖြစ်စေ၊ ရောဂါပိုးကပ်တွယ်နေတဲ့ မျက်နှာပြင်တွေကို ထိတွေ့ကိုင်တွယ်ပြီး လက်မဆေးဘဲ မိမိတို့ရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပြန်ကိုင်မိလို့ဖြစ်စေ ကူးစက်နိုင်ပါတယ်။

Atussin Kids 1

>>  ရာသီတုပ်ကွေးဖြစ်ရင် တခြားသူတွေကို ဘယ်အချိန်မှာ အကူးစက်နိုင်ဆုံးလဲ?
ရောဂါလက္ခဏာမပြခင် (၂၄) နာရီအလိုဟာ အကူးစက်နိုင်ဆုံးအချိန်ပါ။ ရောဂါလက္ခဏာရှိနေစဉ် တစ်လျှောက်မှာလည်း ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်တာ (၇) ရက်လောက်ရှိပြီဆိုရင်တော့ တခြားသူတွေကို ကူးစက်နိုင်ချေလည်း နည်းသွားပါပြီ။

>>  ဘယ်လိုကလေးတွေဟာ ရာသီတုပ်ကွေးဖြစ်နိုင်ချေ များသလဲ?
ရောဂါပိုးရှိသူနဲ့ အနီးကပ်နေထိုင်တဲ့ ကလေးတွေ၊ တုပ်ကွေးကာကွယ်ဆေး မထိုးထားတဲ့ ကလေးတွေနဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်ပြီး လက်သေချာမဆေးတဲ့ ကလေးတွေဟာ ရာသီတုပ်ကွေးဖြစ်နိုင်ချေ ပိုများပါတယ်။ ကလေးငယ်လေးတွေနဲ့ ရောဂါအခံတစ်ခုခုရှိတဲ့ ကလေးတွေဟာလည်း ရာသီတုပ်ကွေးဖြစ်နိုင်ချေများပြီး သူတို့တွေမှာ ဖြစ်လာခဲ့ရင်တော့ ပြင်းထန်ပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

>>  ရာသီတုပ်ကွေးလက္ခဏာတွေက ဘာတွေလဲ?
●  ဖျားခြင်း ( ကိုယ်အပူချိန် 103°F ကနေ 105°F အထိ ရှိခြင်း)
●  ကိုယ်တွေလက်တွေ ကိုက်ခဲခြင်း
●  ခေါင်းကိုက်ခြင်း
●  လည်ချောင်းနာခြင်း
●  ချောင်းဆိုးခြင်း
●  မောပန်းခြင်း
●  နှာရည်ယို၊ နှာပိတ်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။
တချို့ကလေးတွေမှာတော့ ပျို့တာ၊ အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။

Atussin Kids 2

>>  ကလေးတွေ ရာသီတုပ်ကွေးဖြစ်ရင် လက္ခဏာတွေသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ?
●  ကလေးကို ကောင်းကောင်း အနားယူခိုင်းပါ။
●  အရည်များများ ဝင်အောင်တိုက်ပါ။
●  အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း တိုက်ပါ။
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါမလို့ ပဋိဇီဝဆေးတွေ သုံးစွဲဖို့ မလိုပါဘူး။ ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောဂါလက္ခဏာတွေ သက်သာအောင် လုပ်ပေးဖို့ပါ။

>>  ကလေးကို ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
ရောဂါလက္ခဏာတွေ မသက်သာရင် (သို့) ပိုပိုဆိုးလာရင်၊ လက္ခဏာအသစ်တွေ ထပ်ဖြစ်လာရင် ဆရာဝန်နဲ့ ပြသပါ။

>>  ရာသီတုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?
ကလေးအများစုဟာ တစ်ပတ်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ သုံးလေးပတ်လောက်အထိတော့ မောပန်းနေနိုင်ပါသေးတယ်။ တချို့ကလေးတွေမှာတော့ ရောဂါပြင်းထန်ပြီး အသက်ရှူခက်ခြင်း၊ အဆုတ်ရောင်ခြင်းနဲ့ သေချာကုသမှုမခံယူခဲ့ရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)