ကလေးတွေမှာ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း
ဦးနှောက်နဲ့ အာရုံကြောမတိုင်ကြီးကို ကာရံပေးထားတဲ့ အမြှေးပါးရောင်ရမ်းတယ်လို့ခေါ်ပြီးတော့ ဒါက ဦးနှောက်နဲ့အာရုံကြောမတိုင်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရောင်တဲ့အခါမှာ ကလေးမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ အပြောင်းအလဲတွေဖြစ်ပြီးတော့ စိတ်ရှုပ်ထွေးတာ၊ တက်တာတွေ ဖြစ်စေပါတယ်။
>> ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဦးနှောက်အမြှေးပါးရောင်ရတာလဲ?
ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ rubella, ရေကျောက် စတဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးတွေရှိလို့ ဒီရောဂါတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာကို လျော့ကျစေပေမယ့်လည်း တခြားဗိုင်းရပ်စ်တွေကြောင့်တော့ ဖြစ်နေနိုင်ပါသေးတယ်။ ဒါတွေကတော့ ရေယုန်ပိုး, West Nile virus, rabies (ခွေးရူးရောဂါပိုး) စတာတွေ ဖြစ်ပါတယ်။
တီဘီ၊ ကာလသားရောဂါ စတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ toxoplasmosis လို့ခေါ်တဲ့ ကြောင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကြောင့်လည်း ဦးနှောက်အမြှေးရောင်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
အရင်ဆုံးကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောဂါပိုးဝင်ခြင်း၊ အူနဲ့အစာအိမ်ဆိုင်ရာပြဿနာတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ ပျို့ခြင်း၊ အန်ခြင်းတာတွေ အရင်ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -
● ကိုယ်ပူခြင်း
● ခေါင်းကိုက်ခြင်း (ကလေးငယ်လေးတွေမှာဆိုရင် ငယ်ထိပ် ဖောင်းထွက်နေတတ်ပါတယ်)
● အလင်းရောင်ကို မခံနိုင်ခြင်း
● လည်ပင်းတောင့်တင်းခြင်း
● အိပ်မပျော်ခြင်း၊ အီခြင်း၊ မအီမသာဖြစ်ခြင်း
● ဂဏှာမငြိမ်ဖြစ်ခြင်း
● တက်ခြင်း
● အရေပြားမှာ အကွက်များ ထွက်ခြင်း
● စကားပြောရခက်ခြင်း
● လန်းဆန်းတက်ကြွမှုမရှိခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း
● အားအင်ကုန်ခမ်းခြင်း
● စားချင်၊ သောက်ချင်စိတ် မရှိခြင်း
● လမ်းလျှောက်ရင် ယိုင်ထိုးယိုင်နဲ့ဖြစ်ခြင်း
● ပျို့ခြင်း၊ အန်ခြင်း
ရောဂါလက္ခဏာတွေက တခြားရောဂါတွေနဲ့လည်း တူနေတော့ ကိုယ့်ဟာကိုယ်တော့ သတ်မှတ်လို့မရပါဘူး။ ဆရာဝန်နဲ့ သွားပြပါ။
>> ဦးနှောက်အမြှေးရောင်တယ်လို့ ဘယ်လိုရောဂါသတ်မှတ်မလဲ?
ဆရာဝန်က လိုအပ်တဲ့အချက်တွေ၊ ကာကွယ်ဆေးထိုးတဲ့ရာဇဝင်တွေကို မေးပါလိမ့်မယ်။ ပြီးတော့ ကလေးမှာ မကြာခင်က အအေးမိတာ၊ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်တဲ့ လက္ခဏာတွေနဲ့ အူလမ်းကြောင်းပြဿနာတွေဖြစ်လား၊ လှေးကိုက်ခံထားရလား၊ အိမ်မွေးတိရစၧာန်အပါအဝင် တခြားတိရစၧာန်တွေနဲ့ အနီးကပ်နေလားဆိုတာတွေနဲ့ ခရီးသွားထားတာတွေ ရှိ၊ မရှိ မေးပါလိမ့်မယ်။
>> စစ်ဆေးမှုတွေအနေနဲ့ကတော့ -
● X-ray (ဓာတ်မှန်ရိုက်ခြင်း)-
● MRI (သံလိုက်ဓာတ်မှန်ရိုက်ခြင်း) - ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါတွေရဲ့ အသေးစိတ်ပုံရိပ်ကို တွေ့နိုင်ပါတယ်။
● CT (ကွန်ပျူတာဓာတ်မှန်) - အရိုး၊ ကြွက်သား၊ အဆီနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ ပုံရိပ်အသေးစိတ်ကို ကြည့်လို့ရပါတယ်။
● သွေးစစ်ခြင်း
● ဆီးနှင့်ဝမ်း စစ်ခြင်း
● သလိပ်ပိုးမွေးခြင်း
● ဉီးခေါင်းလျှပ်စစ်ရိုက်ခြင်း
● ခါးရိုးခြင်ဆီဖောက်ခြင်း
● ဦးနှောက်အသားစယူခြင်း
>> ကုထုံးများ
● ကလေးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေ၊ အရင်က ကျန်းမာရေးရာဇဝင်
● ယခုရောဂါအခြေအနေ
● ကလေးရဲ့ ခံနိုင်ရည်အား
● ဆရာဝန်ရဲ့ထင်မြင်ချက်
စတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကုသပါတယ်။
ကုသမှုမှာ အဓိကအချက်ကတော့ စောစောသိပြီး စောစောကုဖို့ပါပဲ။ ဦးနှောက်မြှေးရောင်နေတဲ့ ကလေးကို ချက်ချင်း ဆေးရုံတင်ပြီးတော့ အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ်။ အဓိကကတော့ ဦးနှောက်ရောင်တာ လျော့သွားပြီးတော့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ပါ။ ကိုယ်ပူကျဖို့၊ ရောဂါပိုးဝင်တာကို ထိန်းချုပ်ဖို့၊ တက်တာနဲ့ တခြားအခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် ဆေးတွေပေးပါလိမ့်မယ်။
နောက်ဆက်တွဲပြဿနာတွေ ကြုံရနိုင်ချေကတော့ ရောဂါဆိုးဝါးမှုအခြေအနေပေါ် မူတည်ပါတယ်။ ရောဂါဆိုးရင် အသက်ရှူစက် တပ်ပေးထားဖို့တောင် လိုတာမျိုး ရှိပါတယ်။
ကလေး ပြန်သက်သာလာပြီဆိုရင် ကလေးရဲ့ပုံမှန် ကြွက်သားအားတွေနဲ့ စကားပြောစွမ်းရည်ကို ပြန်ရဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ အလုပ်အကိုင်ပိုင်းဆိုင်ရာနဲ့ စကားပြောကုထုံးတွေပေးဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















