/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-အန္တရာယ်ကင်းစွာ-အိပ်စက်နိုင်ဖို့

ကလေးတွေ အန္တရာယ်ကင်းစွာ အိပ်စက်နိုင်ဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးလေး အိပ်နေတယ်ဆိုပြီး မပေါ့နဲ့နော်။ ကလေး အတော်များများဟာ အိပ်နေတဲ့ပတ်ဝန်းကျင် မလုံခြုံ စိတ်မချရတာကြောင့် အသက်အန္တရာယ်ရှိတာမျိုး မနည်းလှပါဘူးတဲ့။ တစ်ခါတလေ ကလေးအိပ်စဉ် ရုတ်တရက် သေဆုံးရောဂါစုကြောင့် ဖြစ်နိုင်သလို တစ်ခါတလေ မတော်တဆ အသက်ရှူပိတ်ပြီး သေဆုံးတတ်ကြပါတယ်။

          ၂၀၁၆ မှာ တန်းနစ်ဆီးမြို့က ကလေးငယ် ၄ ယောက်မှာ ၁ ယောက်ဟာ အိပ်တာနဲ့ ပတ်သက်ပြီး အသက်ဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။ ဒီလိုသေဆုံးမှုတွေနည်းအောင် ကာကွယ်မှုတွေ လုပ်ဖို့ လိုတာပေါ့။ ဒါကို ABC အဆင့်တွေလို့ ခေါ်ပါတယ်။

♦        A ဆိုတာကတော့ Alone တစ်ကိုယ်တည်းလို့ ဆိုလိုပါတယ်။ ကလေးကို တစ်ယောက်တည်း အိပ်ပါစေ။ ဘေးမှာ လူတစ်ယောက်ယောက်နဲ့ အိပ်ခြင်းဟာ ကလေးကို ဖိမိပြီး အသက်ရှူကြပ်စေနိုင်ပါတယ်။

♦        B ဆိုတာ Back ကလေးကျောကုန်းလေးကို ဆိုလိုပါတယ်။ ကလေးအိပ်ရင် ဘေးတစ်စောင်းတွေ၊ မှောက်လျက်တွေ မအိပ်စေဘဲနဲ့ ပက်လက်ကလေး အိပ်ပါစေ။

♦        C ကတော့ cribs ပုခက်ကို ပြောတာပါ။ ပုခက်ထဲသိပ်ရင် အိပ်ရာမာမာနဲ့ သေချာအံဝင်ခွင်ကျရှိတဲ့ အိပ်ရာခင်းနဲ့သာ သိပ်ပါ။

 

>>    ABC နည်းလမ်းအပြင်

●        အိပ်ရာမာမာနဲ့ ကောင်းကောင်းအံဝင်တဲ့ အိပ်ရာခင်းနဲ့ သိပ်ပါ။ ခေါင်းအုံးတွေ၊ စောင်ပျော့ပျော့တွေ၊ တခြားအဝတ်ပျော့ပျော့တွေ မရှိပါစေနဲ့။

●        အရုပ်ပျော့ပျော့တွေကိုလည်း အိပ်ရာဝေးဝေးမှာ ထားပါ။

●        ကလေးအိပ်နေတဲ့နေရာမှာ ခေါင်းအုံးတွေ၊ စောင်တွေ မထားပါနဲ့။

●        ပထမ ၆ လကနေ ၁ နှစ်လောက်အတွင်းမှာ ကလေးပုခက်ကို မေမေ၊ ဖေဖေတို့ အခန်းထဲမှာသာ ထားပါ။

●        ညဘက်မှာ တအား ပူမအိုက်ပါစေနဲ့။ ကလေးကို အိပ်တော့မယ်ဆို ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ပါစေ။ သာမန်လူကြီးတစ်ယောက် သက်သောင့်သက်သာနေနိုင်တဲ့ အခန်းအပူချိန်လောက်ပဲ ထားပါ။

●        ပုခက်ဘေးမှာ အကာအရံဖော့တွေ မတပ်ပါနဲ့။ ကလေးကို ထိခိုက်ဒဏ်ရာမရအောင် မကာကွယ်နိုင်သလို ကလေးကို အသက်ရှူကြပ်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။

●        ဆိုဖာ၊ ပက်လက်ကုလားထိုင်တွေမှာ မသိပ်ပါနဲ့။

●        ကလေးကို ကြိုးသိုင်းနဲ့ သိုင်းချီလို့ ရပါတယ်။ ကိုယ့်ကိုယ်ကျောပေးတဲ့ အနေအထားနဲ့ ချီပါ။ ကလေးလှိမ့်တော့မယ့် အရွယ်ရောက်ရင်တော့ မချီပါနဲ့တော့။

●        ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်မသောက်ပါနဲ့။ မွေးပြီးချိန်မှာလည်း ကလေးကို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူသူ မဖြစ်ပါစေနဲ့။

●        ကလေးကို နို့တိုက်ဖို့နဲ့ ချော့မြူဖို့လောက်ပဲ အိပ်ရာထဲခေါ်ပါ။ အိပ်တော့မယ်ဆိုရင် ပုခက်ထဲ ထည့်ပေးပါ။

●        ပထမ ၆ လအတွင်းမှာ အမေ့နို့ပဲ တိုက်ပါ။ အမေ့နို့ တိုက်တဲ့ကလေးတွေမှာ ရုတ်တရက် အိပ်ချိန် ကလေးသေဆုံးတာ သက်သာပါတယ်တဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)