ကလေးပုံမှန်ကြီးထွားမှု ရှိ၊ မရှိ သိရှိနိုင်စေရန်
ကလေးကြီးထွားနှုန်းမြန်နေတဲ့အခါ၊ ဒါမှမဟုတ် အတန်းထဲမှာ အသေးဆုံးကလေးဖြစ်နေတဲ့အခါ ကိုယ့်ကလေးရဲ့ ကြီးထွားမှုနှုန်းဟာ ပုံမှန်မှဟုတ်ရဲ့လားလို့ သံသယစိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကြီထွားမှုအဆင့်တိုင်းမှာ ဘယ်အချိန်မှာ စိုးရိမ်ရတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
မွေးခါစမှ ၁နှစ်အထိ
မွေးခါစမှ ၁နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၃ဆတက်လာနိုင်ပြီး အရပ် ၁၀ လက်မ (၂၅ စင်တီမီတာ) ခန့် ရှည်တတ်ကြပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ မွေးခါစမှာ ၂၀ လက်မ (၅၀ စင်တီမီတာ)ခန့် အရပ်ရှိလေ့ရှိပြီး တစ်နှစ်အရွယ်ရောက်တဲ့အခါ ၃၀ လက်မ (၇၆ စင်တီမီတာ)ခန့်ထိ ရှည်လာတတ်ပါတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် အနည်းငယ် ပိုရှည်လေ့ ရှိပါတယ်။ အမေ့နို့စို့သူကလေးတွေဟာ ပထမ၆လမှာ ဖော်မြူလာနို့မှုန့်သောက်သူတွေထက် ကြီးထွားနှုန်း ပိုမြန်တတ်ပြီး နောက်၆လလောက်မှာတော့ ပြန်နှေးသွားတတ်ပါတယ်။
ကျန်းမာရေး စစ်ဆေးတဲ့အခါ >>
ကလေးပုံမှန်တိုင်းကြီးထွား ဖွံ့ဖြိုးမှုရှိမရှိကို သိနိုင်ဖို့ ကလေးရဲ့ကိုယ်အလေးချိန်၊ အရပ်နဲ့ ဦးခေါင်းလုံးပတ်ကို အသက်၆လအထိ ၁လတစ်ခါ၊ ၆လကနေ ၁နှစ်အတွင်း ၂လတစ်ခါ စစ်ဆေးကြည့်ရပါတယ်။ ဒီတိုင်းတာချက်ထဲက တစ်ခုခုနည်းနေပြီဆိုရင်တော့ နာတာရှည်ပိုးဝင်ခြင်း၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါ တစ်ခုခု ရှိနေနိုင်တဲ့အတွက် ဆရာဝန်များ စိုးရိမ်စပြုလာပါတယ်။ ဒီလိုရောဂါတစ်ခုခုရှိလာတဲ့အခါ ကလေးမှာ ကိုယ်အလေးချိန်အရင်ကျလာပြီး ပိုမိုဆိုးရွားလာတဲ့အခါ အရပ်ရှည်နှုန်းပါနှေးကွေးရပ်တန့်သွားတတ်ပါတယ်။ ဒါကြောင့် စိုးရိမ်စရာတစ်ခုခု တွေ့တဲ့အခါ ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အသက် ၁ နှစ် မှ ၃ နှစ်အတွင်း
ဒီအရွယ်တွေမှာ ကြီးထွားနှုန်းဟာ ဖြည်းဖြည်းမှန်မှန် ဖြစ်သွားပြီး ချစ်စရာပါးဖောင်းဖောင်း၊ ပေါင်တုတ်တုတ်၊ ဗိုက်ပူပူလေးတွေ ပိန်ကျသွားတတ်ပါတယ်။ ၁ နှစ် မှ ၃ နှစ်အတွင်းမှာ ကြီးထွားစံနှုန်းအလယ်အလတ်မျှသာရှိတဲ့ ယောက်ျားကလေး မိန်းကလေးတွေဟာ ၂၉ - ၃၇ လက်မ ( ၇၄ - ၉၄ စင်တီမီတာ)အထိ အရပ်ရှည်ထွက်လာနိုင်ပြီး ပေါင် ၃၀ (၁၄ ကီလို)ခန့်ထိ ကိုယ်အလေးချိန် ရှိလာတတ်ပါတယ်။
ကျန်းမာရေးစစ်ဆေးတဲ့အခါ >>
ဒီအရွယ်ရောက်တဲ့အခါ ကလေးရဲ့ကြီထွားမှုပုံစံကို ဆရာဝန်က ကောင်းကောင်းသိနေပြီဖြစ်ပါတယ်။ အရပ်၊ ကိုယ်အလေးချိန်နဲ့ ဦးခေါင်းလုံးပတ်တို့ကို အဓိက တိုင်းပါတယ်။
တစ်ခါတစ်ရံ ရှားရှားပါးပါး ကလေးပုံမှန်ထက်သေးနေတဲ့အခါ ရောဂါတစ်ခုခု ရှိနေမလား ရှာကြည့်သင့်ပါတယ်။ ဒီအရွယ်မှာ သွားရေစာတွေစားတာများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ အစားနည်းတတ်တာကြောင့် ပိုစိုးရိမ်ရတဲ့ အချက်ကတော့ အဝလွန်ခြင်းပဲဖြစ်ပါတယ်။
ကလေးတွေရဲ့ကြီးထွားမှုဟာ မိဘနှစ်ပါးပေါ်မူတည်နေတဲ့အတွက် မိဘများရဲ့ ကလေးဘဝက ကြီးထွားမှုပုံစံကို ပြန်လည်မေးမြန်းသင့်ပါတယ်။
အသက် ၄ နှစ်မှ ၉ နှစ်အတွင်း
ဒီအရွယ်မှာ အရပ်နဲ့ကိုယ်အလေးချိန် တစ်နှစ်ကို ၂ လက်မမှ ၃ လက်မ( ၅-၇.၅ စင်တီမီတာ)ခန့် ပုံမှန်အတိုင်း ဖွံ့ဖြိုးနေပါတယ်။ ဒါကြောင့် အလယ်အလတ်ဖွံ့ဖြိုးမှုရှိသူ မိန်းကလေးတစ်ယောက်ဟာ အသက် ၉ နှစ်အရွယ်မှာ တစ်ပေခန့် အရပ်ရှည်ထွက်လာနိုင်ပါတယ်။ ၈နှစ် ၉နှစ်အရွယ်လောက်မှာ စောစောစီးစီး အပျိုဖော်ဝင်သူ မိန်းကလေးတွေမှာ ကြီးကောင်ဝင်လာကြပါတယ်။
ကျန်းမာရေးစစ်ဆေးတဲ့အခါ >>
ကလေးဆရာဝန်က ပုံမှန် အရပ်၊ ကိုယ်အလေးချိန်နဲ့ အရပ်ကိုယ်အလေးချိန်အချိုးကို တစ်နှစ်တစ်ခါ တွက်ချက်ပေးပါလိမ့်မယ်။
ကျောင်းနေအရွယ်ကလေးတွေမှာ ကြီးထွားမှုနည်းရခြင်းဟာ ဟော်မုန်းထုတ်ဂလင်းတွေမှာ ပြဿနာရှိနေလို့ဖြစ်နိုင်ပါတယ်။ ဥပမာ Pituitary ဂလင်းပျက်တဲ့အခါ ကြီးထွားမှုဟော်မုန်းတွေ မထုတ်နိုင်တေ့ာပါဘူး။
အသက် ၁၀ နှစ် မှ ၁၄ နှစ်အထက်
အပျို၊ လူပျိုဖော်ဝင်ခြင်းဟာ ကလေးဘဝမှာ ဒုတိယအကြိမ် တစ်ဟုန်တိုးကြီးထွားတဲ့အချိန်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေမှာ ၉ နှစ် မှ ၁၁ နှစ်အတွင်း ၉ လက်မမှ ၁၁ လက်မခန့်အထိ ရှည်လာနိုင်ပါတယ်။ ရာသီဓမ္မတာသွေးစပေါ်တာနဲ့ တစ်ပြိုင်နက် အရိုးမှာရှိတဲ့ အရပ်ရှည်စေတဲ့ အပိုင်းပိတ်သွားပြီး လူကြီးအရပ်ဖြစ်လာပါတယ်။ ပျမ်းမျှ ၅ပေ၄လက်မခန့် ရှိပါတယ်။ ယောကျ်ားလေးတွေမှာတော့ ၁၁နှစ်မှ ၁၆နှစ်အတွင် ၁၀လက်မမှ၁၁လက်မခန့်အထိ ရှည်လာတတ်ပါတယ်။ ပျမ်းမျှ အရပ်၅ပေ၁၀လက်မခန့် ရှိတတ်ပါတယ်။ ကြီးကောင်ဝင်တဲ့အခါ လက်နဲ့ခြေထောက်တွေဟာ ခန္ဓာကိုယ်ထက် ရှည်တာပိုမြန်တဲ့အတွက် ဂလန်ဂလားတွေ ဖြစ်နေတတ်ကြပါတယ်။ မိန်းကလေးတွေရဲ့ ကြီးကောင်ဝင်ခြင်းက ယောကျ်ားလေးတွေထက် ပိုစောတဲ့အတွက် အစောပိုင်းမှာ မိန်းကလေးများက အရပ်ပိုရှည်နေတတ်ပါတယ်။
ကျန်းမာရေးစစ်ဆေးတဲ့အခါ >>
အရပ်နဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဆက်တိုင်းပါတယ်။
ကလေးကြီးထွားမှုနှုန်းရပ်တန့်သွားပါက ဆရာဝန်နဲ့ ပြသပါ။ အရပ်ပုပြီး အဝလွန်နေတဲ့ကလေးဟာ သိုင်းရွိုက်ဓာတ်နည်း ရောဂါဖြစ်နေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)