ကလေးများနဲ့ ကြီးထွားနာ
ညညမှာအရိုးတွေနာပြီး ကလေးရော အမေပါအိပ်မရတဲ့အခါ ဘာများဖြစ်သလဲ တွေးပူမိကြမှာပါ။ ခြေထောက်နဲ့ဒူးမှာအဓိကနာတတ်ပေမယ့် လက်မောင်းလည်းတစ်ခါတစ်ခါ နာတတ်ပါတယ်။
ကလေးဆရာဝန်တွေအနေနဲ့ ကြီးထွားနာဟာ ကြားရများတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။
ကြီးထွားနာလို့ပြောရပေမယ့် တကယ်တမ်း ကလေးကြီးထွားမှုနဲ့ သိပ်တော့မဆိုင်လှပါဘူး။ ဒါပေမယ့် ကြီးထွားတဲ့အရွယ်တွေဖြစ်တဲ့ ကျောင်းမနေခင်အရွယ်နဲ့ ကျောင်းနေအရွယ်ကလေးတွေမှာ အဓိကဖြစ်တတ်ပါတယ်။
>> ကြီးထွားနာအကြောင်း
အရင်ကတော့ ကြီးထွားနာဆိုတာဟာ ကလေးရဲ့အရိုးတွေက အရွတ်ထက်ကို အမြန်ကြီးထွားလာတဲ့အတွက် နာကျင်လာတာလို့ ပြောကြပေမယ့် ဒီသီအိုရီဟာ မမှန်လှဘူးလို့ သိရပါတယ်။ တကယ်ဖြစ်စေတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ကြီးထွားမှုပိုမြန်တဲ့အချိန်တွေမှာ မဖြစ်တတ်တဲ့အပြင် ကြီးထွားတဲ့နေရာတွေမှာလည်း မနာတတ်ပါဘူး။ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ်ဟန်အနေအထားအပြောင်းအလဲ၊ လှုပ်ရှားမှုအပြောင်းအလဲ၊ စိတ်ဖိစီးမှု စတဲ့အကြောင်းချင်းရာတွေနဲ့ ဆက်သွယ်နေနိုင်ပေမယ့် ဂဂဏဏမသိရသေးပါဘူး။
>> သေချာတဲ့အကြောင်းရပ်တွေကတော့
• ယောင်္ကျားလေး၊မိန်းကလေး ဆတူဖြစ်တတ်ပါတယ်။
• မိသားစုရာဇဝင်ရှိတတ်ပါတယ်။
• အရမ်းဆိုးရွားတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။
• နာတတ်ပေမယ့် ယာယီမျှသာဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာပျောက်သွားတတ်ပါတယ်။
>> ကြီးထွားနာရှိကြောင်းဘယ်လိုသိနိုင်မလဲ?
ဓာတ်ခွဲခန်းအဖြေတွေနဲ့ ဓာတ်မှန်တွေက ကြီးထွားနာကို အဖြေမထုတ်နိုင်ပေမယ့် အခြားပိုပြင်းထန်တဲ့ရောဂါတွေကိုတော့ ပယ်ပေးနိုင်ပါတယ်။ ဒီရောဂါဟာ ဆရာဝန်နဲ့ မိဘရောကလေးပါ သေချာတိုင်ပင်မေးမြန်းပြီးမှ အဖြေထွက်တတ်ပါတယ်။ ကြီးထွားနာရဲ့ပြင်းထန်မှုနဲ့အကြိမ်အရေအတွက်က ကွာခြားလေ့ရှိပါတယ်။ အနည်းငယ်နာကျင်ရုံမျှကနေ ပြင်းပြင်းထန်ထန်ကြွက်တက်တာအထိ ရှိနိုင်ပါတယ်။ အခြားဖြစ်လေ့ရှိတာတွေကတော့-
• ညဘက် သို့မဟုတ် ညနေပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။
• ခြေ၊လက်နှစ်ဖက်လုံးမှာနာတတ်ပါတယ်။ (ခြေ၊လက်တစ်ဖက်တည်းလည်း ဖြစ်တတ်ပါတယ်။)
• ခြေထောက်ကတော့ အမြဲနာတတ်ပါတယ်။ ခြေထောက်မနာပဲနဲ့ လက်ချည်းပဲမနာတတ်ပါဘူး။
• တစ်ခါတစ်ရံကလေးနာလို့နိုးလာတတ်သည်အထိ ဆိုးရွားနိုင်ပါတယ်။
ခြေထောက်မှာအမြဲဖြစ်တတ်ပြီး ၅မိနစ်ကနေ မိနစ်၂၀လောက်အထိ ကြာတတ်ပါတယ်။ တစ်ခါနဲ့တစ်ခါကြား ညပေါင်းများစွာခြားနိုင်သလို ညပေါင်းများစွာတောက်လျောက်ဖြစ်တာလည်း ရှိတတ်ပါတယ်။
>> ဘယ်အချိန်မှာ ကြီးထွားနာကို ပယ်နိုင်မလဲ?
• တောက်လျောက်နာနေပြီး ပိုပိုဆိုးလာခြင်း
• နေ့ဘက်မှာတောင်နာနေခြင်း
• အဆစ်အမြစ်နားမှာနာနေခြငး် သို့မဟုတ် အဆစ်နီနေ၊ရောင်နေ၊တောင့်နေခြင်း
• ကလေးမလှုပ်ရှားနိုင်ခြင်း စတာတွေရှိလာခဲ့ရင် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။
>> ကလေးရဲ့ကြီးထွားနာကို ဘယ်လိုသက်သာအောင် လုပ်မလဲ?
၁။ အကိုက်အခဲပျောက်ဆေးတွေမပေးခင် သေချာစဉ်းစားပါ။
ညဘက်မှာ ကလေးနာလို့နိုးလာတတ်တယ်ဆိုရင် အကိုက်အခဲပျောက်ဆေး တိုက်ဖို့ကြိုးစားမိမှာပါ။ ဒါပေမယ့် အများစုမှာ သောက်လိုက်တာနဲ့ ချက်ချင်းမသက်သာတတ်ပါဘူး။ နာလာတော့မယ့်အရိပ်အရောင်ပြနေပြီဆိုရင် အထူးသဖြင့် ပြင်းပြင်းထန်ထန် နာလေ့ရှိတဲ့ကလေးတွေမှာဆိုရင် ဆရာ၀န်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေ တိုက်နိုင်ပါတယ်။
၂။ နှိပ်နယ်ပေးပါ။
ရုတ်တရက် နာလာတဲ့အချိန်မှာ ကလေးကို အတတ်နိုင်ဆုံးချော့ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ကလေးရဲ့ခြေ၊လက်လေးတွေကို အသာအယာပွတ်သပ် နှိပ်နယ်ပေးခြင်းက နာကျင်မှုကို သက်သာစေနိုင်သလို ကလေးကိုလည်း စိတ်ငြိမ်သက်စေနိုင်ပြီး အိပ်ရေးပျက်တာကို နည်းစေနိုင်ပါတယ်။
>> နာပြီးနောက်နေ့မှာဘာဖြစ်တတ်သလဲ?
ညဘက်ကြီးထွားနာနာပြီး နောက်နေ့မနက်မှာ ကလေးဟာ အိပ်ရေးပျက်တာကြောင့် ကဂျီကဂျောင်ကျနေပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ လုပ်နိုင်မှာပါ။
ကလေးအဆော့များတဲ့အခါ ပိုနာတတ်တာကို တစ်ချို့မိဘတွေ သတိထားမိကြပါတယ်။ ဒါပေမယ့် မနာအောင်ဆိုပြီးကလေးကို မဆော့ခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကလေးလှုပ်ရှားမှုကိုကန့်သတ်လိုက်ရုံနဲ့ နာတာမပျောက်သွားပါဘူး။ ကလေးကျန်းမာရေးအတွက် လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)
















