/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေးတွေ-နောက်စေ့မပြားစေဖို့

ကလေးလေးတွေ နောက်စေ့မပြားစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

          ဦးခေါင်းပုံသဏ္႑ာန်မမှန်ခြင်း၊ နောက်စေ့ပြားခြင်းဟာ မွေးကင်းစကလေးငယ်တွေအဖြစ်များတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပြီး မပြုပြင်ဘဲထားပါက ကလေးငယ်ရဲ့ရုပ်ရည်ပိုင်းဆိုင်ရာ ပြောင်းလဲမှုရှိနိုင်သည်ကလွဲလို့ ဦးနှောက်ဖွ့ံဖြိုးမှုပိုင်းဆိုင်ရာကို ထိခိုက်စေခြင်းမရှိပါဘူး။

          ကလေးငယ်ရဲ့ဦးခေါင်းခွံဟာ ပျော့ပြောင်းပါးလွှာပြီး ပုံသွင်းရလွယ်ကူတာကြောင့် ဦးခေါင်းခွံပေါ်သို့ ဖိအားတစ်ခုခုသက်ရောက်တဲ့အခါမှာ ဦးခေါင်းပုံသဏ္႑ာန်ပြောင်းလဲတာဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ပက်လက် အနေအထား (သို့) ဘေးတိုက်အနေအထားဖြင့်အိပ်စက်ခြင်း၊ မွေးဖွားနေစဉ်အတောအတွင်း ကလေးရဲ့အနေ အထားမမှန်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းစတဲ့ အကြောင်းတွေကြောင့် ဦးခေါင်းပုံသဏ္႑ာန် မမှန်တာတွေဖြစ်နိုင်ပါတယ်။

          ကလေးရဲ့ဦးခေါင်းခံွဖွ့ံဖြိုးလာချိန်နှင့် ကလေးငယ်ငုတ်တုတ်ထိုင်ချိန်မှာ ဦးခေါင်းပုံသဏ္႑ာန်လည်း တဖြည်းဖြည်းနဲ့ အချိုးကျလာပါလိမ့်မယ်။ ဦးခေါင်းပုံသဏ္႑ာန်မှန်ကန်အောင် ဦးခေါင်းအနေအထားကို ပြုပြင်ပေး ဖို့တော့လိုအပ်ပါတယ်။

1. အိပ်ပျော်နေစဉ်မှာ ဘယ်ညာတလှည့်စီစောင်းပေးပါ။  ဒါပေမယ့် ပက်လက်လှန်အိပ်တာဟာ ကလေးငယ်ကို Sudden Infant Death Syndrome လို့ခေါ်တဲ့ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးခြင်းကို ကာကွယ်နိုင်တာကြောင့် အကောင်းဆုံးအနေအထားတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်ညာတစ်လှည့်စီစောင်း သိပ်တော့မယ်ဆိုရင် ကလေးငယ်ရဲ့ဘေးမှာ တစ်ယောက်ယောက်ကတော့ စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။

 

2. အလျင်းသင့်ရင်သင့်သလို ကလေးငယ်အားဝမ်းလျားမှောက်ပေးပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ မမှောက်ပေးသင့်ပါဘူး။ 3 လကျော် 4 လလောက်ဆိုရင်တော့ စမ်းပြီးမှောက်ပေးလို့ ရပါတယ်။ ဒီလိုမှောက်ပေးတဲ့နေရာမှာလည်း ကိုယ့်ကလေးရဲ့အနေအထားကို အမြဲစောင့်ကြည့်ပါ။ ကလေးငယ် သက်သောင့်သက်သာမရှိဘူးထင်ရင် ထပ်ပြီးမမှောက်ပေးပါနဲ့။ တစ်ချိန်ခိျန်မှာ သူ့ဘာသာသူမှောက်ဖို့ ကြိုးစားလာပါလိမ့်မယ်။  

 

3. ဦးခေါင်းလှုပ်ရှားမှုရှိစေရန် အသံပေး၍ ချော့မြူခြင်းတို့ပြုလုပ်ပေးပါ။

 

4. ကလေးငယ်ကို နို့ချို့တိုက်ကျေွးရာမှာဖြစ်စေ၊ ချီပိုးရာမှာဖြစ်စေ ဘယ်ညာတစ်လှည့်စီပြောင်းပေး ပါ။ မွေ့ယာပျော့ပျော့၊ ခေါင်းအုံးပျော့ပျော့ အသုံးပြုခြင်းက ဦးခေါင်းမညီညာခြင်းကို ပိုဖြစ်စေတာကြောင့် ရှောင်ရှား သင့်ပါတယ်။

          တစ်ခါတရံမှာ အိပ်စက်တဲ့ပုံစံ၊ အနေအထားကြောင့်မဟုတ်ဘဲ torticollis လို့ခေါ်တဲ့ ကြွက်သားပြဿနာကြောင့်ဖြစ်စေ၊ ဦးခေါင်းခွံရိုးများ အချိန်မတိုင်မီစေ့သွားတဲ့ craniosynostosis ကြောင့်ဖြစ်စေ ဦးခေါင်းပုံသဏ္႑ာန်မမှန်တာတွေဖြစ်နိုင်ပါတယ်။ အဲလိုအခြေအနေမျိုးမှာဆိုရင်တော့ ခွဲစိတ်ခြင်း၊ အကြောအဆစ်ကုထုံး (Pyhsiotherapy) နည်းနဲ့ ကုသရမှာဖြစ်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com