ဒိုင်ပါ (Diaper) ကြောင့်ဖြစ်တဲ့အနာ
ဆီး၊ ၀မ်း မထိန်းနိုင်သေးတဲ့အချိန်မှာ ကလေးတွေကို ဒိုင်ပါ (Diaper) ၀တ်ပေးထားတတ်ကြပါတယ်။ Diaper ကြောင့် မိဘတွေ၊ ကလေးထိန်းသူတွေအတွက် အလုပ်ရှုပ်တာကိုသက်သာစေပေမယ့် ကလေးမှာ Diaper ၀တ်ထားရခြင်းကြောင့် သက်တောင့်သက်သာမရှိစေပါဘူး။ ကလေးငယ်၀မ်းသွားပြီးတဲ့အချိန်မျိုးမှာ မသိလိုက်ပဲ Diaper ဆက်၀တ်ပေးထားမိခြင်းဟာ နာကျင်နီမြန်းမှု ပိုဖြစ်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးမှာ Diaper ကြောင့် ပွန်းတာ၊ နာကျင်တာ၊ အသားအရည်နီမြန်းတာတွေ (Diaper Rash) နည်းစေအောင်၊ ပြင်းပြင်းထန်ထန် နာကျင်နီမြန်းတာမျိုးမခံစားရအောင် မိဘတွေအနေနဲ့ Diaper နဲ့ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို လေ့လာထားဖို့လိုအပ်ပါတယ်။
1. နေ့အခါမှာ Diaper ၀တ်ပေးထားတာဆိုရင် 45 မိနစ် တစ်ခါလောက် ၀မ်းသွားထားတာရှိမရှိ စစ်ပါ။
2. စုပ်ယူအားကောင်းတဲ့ Diaper ၊ အ၀တ် Diaper ကို ၀တ်ပေးပါ။
3. Diaper ကြောင့် နာကျင်နီမြန်းနေချိန်မှာ သန့်စင်ပေးမယ်ဆိုပါက ဆပ်ပြာ၊ alcohol (သို့) propylene glycol ပါ၀င်တဲ့ baby wipes ကို မသုံးသင့်ပါ။ ဆပ်ပြာသုံးဖို့လိုလျှင်လည်း အပျော့စားဆပ်ပြာကိုသာ အသုံးပြုသင့်ပါတယ်။ alcohol (သို့) propylene glycol ပါ၀င်တဲ့ baby wipes တွေဟာ အသားကိုပိုပူလောင်စေနိုင်ပြီး အသားပေါ်မှာဘက်တီးရီးယားပိုးကိုပျံ့သွားစေနိုင်ပါတယ်။ သန့်ရှင်းနူးညံ့တဲ့ အ၀တ်ပိုင်းလေးကို ရေနွေးနွေးလေးဆွတ်ပြီး သန့်စင်ပေးကာ ခြောက်သွေ့အောင််သုတ်ပေးပါ။
4. Diaper rash ဖြစ်နေချိန်မှာ Diaper ၀တ်ပေးထားတာမျိုးရှောင်ကျဉ်သင့်ပြီး diaper rash ပျောက်သွားပြီးနောက် diaper ၀တ်ပေးရာမှာလည်း ဆိုဒ်ကြီးတာကို ၀တ်ပေးသင့်ပါတယ်။
5. နီမြန်းနေတဲ့နေရာအနီးရှိ အသားပြင်ပေါ်မှာ Zinc oxide ပါတဲ့ cream ကို ညင်သာစွာလိမ်းပေးပါ။
6. ဆီးပူတွေသွားရင် အနာကို ပိုဆိုးစေတဲ့အတွက် ဆီးပူမသွားအောင် ရေများများတိုက်ပါ။
7. စားပွဲတင်ဇွန်းနှစ်ဇွန်းစာ မုန့်ဖုတ်ဆိုဒါကို ရေနွေးနွေးလေးထဲမှာထည့်ဖျော်ပြီးရေချိုးပေးပါ။ အရွယ်နည်းနည်းကြီးနေပြီဖြစ်တဲ့ ကလေးတွေဆို မုန့်ဖုတ်ဆော်ဒါနဲ့ဖျော်ထားတဲ့ ရေနွေးနွေးထဲမှာ ခပ်ကြာကြာလေးထိုင်ခိုင်းထားပါ။
8. Diaper rash ဖြစ်နေချိန်မှာ ပေါင်ဒါမလိမ်းပေးသင့်ပါဘူး။
9. 2-3 ရက် အတွင်း diaper rash တွေ မသက်သာသွားဘူးဆိုရင်၊ နာကျင်နီမြန်းပိုဆိုးလာတာဒါမှမဟုတ်မကြာခဏ ဖြစ်နေမယ်ဆိုရင်၊ ပိုး၀င်တဲ့လက္ခဏာ ဖြစ်နေမယ်ဆိုရင်၊ diaper rash ဟာ ခန္ဓာကိုယ်တစ်လျှောက်မှာဖြစ်တဲ့ rash နဲ့ ဆင်တူနေမယ်ဆိုရင် ဆရာ၀န်နဲ့ပြသသင့်ပါပြီ။
CMS
















