နားထဲသို့ ပိုးကောင်ဝင်ခြင်း
မိုးတွင်းမှာ ညဘက်မှာ ပိုးကောင်တွေ များတတ်ပါတယ်။ တဝီဝီ အသံတွေက နားညီးသလို မျက်လုံးထဲ နားထဲဝင်ပြီး ဒုက္ခပေးတတ်တာမျိုးလည်းရှိပါတယ်။
မွေးကင်းစ ကလေးငယ်များအပါအဝင် ကလေးကြီးများအရွယ်အထိ နားတွင်းသို့ အင်းဆက်ပိုးကောင်များ ဝင်ရောက်လေ့ရှိပါတယ်။ အချို့သော အင်းဆက်ပိုးကောင်ငယ်လေးများမှာ နားထဲသို့ရောက်ပြီး မကြာမီ သူ့အလိုလို သေဆုံးသွားတတ်လို့ ပူပန်စရာမရှိပေမယ့် အချို့ပိုးကောင်လေးတွေကတော့ နားထဲကနေ အပြင်ပြန်ထွက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတာမို့ နားအတွင်းဘက်ကို ပျက်စီးစေနိုင်ပါတယ်။ ဘယ်လိုပိုးကောင်ပဲ ဝင်ရောက်ပါစေ အမြန်ဆုံး ပြန်လည်ထုတ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
>> ရှေးဦးသူနာပြုနည်းလမ်းများကို အသုံးပြုမယ်
● ပထမဦးစွာ ကလေးကို မထိတ်လန့်ဖို့ ဖျောင်းဖျပါ။ မေမေတို့ ပိုးကောင်လေးကို ထုတ်ပေးမယ်နော်၊ တအား မရုန်းနဲ့၊ မကြောက်နဲ့ စသည်ဖြင့် ချော့မော့ပြောဆိုပါ။
● နားထိုးဂွမ်းတံများနှင့် အချောင်းများကို အသုံးပြုပြီး ထုတ်ခြင်းကို လုံးဝရှောင်ပါ။ ထိုအချောင်းများက ပိုးကောင်ကို နားအတွင်းဘက်သို့ ပိုတွန်းပို့သလိုဖြစ်တဲ့အပြင် နားကိုပါ ထိုးမိနိုင်ပါတယ်။
● ကလေး၏နားကို သာသာလေး စောင်းပြီး ဖြည်းညင်းစွာ လှုပ်ပေးပါ။
ထိုသို့လှုပ်ပေးခြင်းဖြင့် ပိုးကောင် မထွက်လာသေးပါက နားတွင်းသို့ ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် baby oil အနည်းငယ် ထည့်ပေးနိုင်ပါတယ်။
● ပိုးကောင်သေပြီဟု ယူဆရသော်လည်း အပြင်သို့ ထွက်မလာသေးလျှင် နားထဲသို့ ရေကြက်သီးနွေးလေးကို လောင်းထည့်ပြီး ဆေးကြောနိုင်ပါတယ်။
● သင့်ကလေး၏နားထဲတွင် အလုံးအကြိတ်များရှိခြင်းနှင့် ယခင်က နားပြဿနာများ ရှိထားပါက ချက်ချင်းဆရာဝန်နှင့် ပြသပါ။
>> ဘယ်အချိန်တွင် ဆရာဝန်ထံ မဖြစ်မနေသွားသင့်လဲ?
● နားကို လှုပ်ယမ်းခြင်း၊ နားတွင်း အဆီထည့်ခြင်းတို့ ပြုလုပ်ပြီးနောက် ပိုးကောင် မထွက်လာသေးလျှင်
● ပိုးကောင် တစ်ကိုယ်လုံးမထွက်လာဘဲ အစိတ်အပိုင်းများသာ ထွက်လာလျှင်
● နားတွင်း နာကျင်ခြင်း၊ နားပြည်ယိုခြင်းနှင့် အရည်များ ထွက်လာခြင်းရှိလျှင်
အမြန်ဆုံးဆရာဝန်နှင့် ပြသသင့်ပါသည်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















