/
news/ကလေးများနှင့်ကျန်းမာရေး/နို့တိုက်ပုံ-မှန်ကန်ကျွမ်းကျင်စေဖို့

နို့တိုက်ပုံ မှန်ကန်ကျွမ်းကျင်စေဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          နို့တိုက်နေတဲ့ သားသည်မိခင်ဟာ သဘာ၀က ဖန်တီးပေးထားတဲ့ လှပတဲ့မြင်ကွင်းတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ မိခင်နဲ့ ကလေးကြားမှာ ချစ်ခြင်းမေတ္တာကို မျှေ၀နိုင်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို နည်းလမ်းတကျ လုပ်တတ်ဖို့ နည်းစနစ် လိုပါတယ်။ အပေါ်ယံကြည့်မယ်ဆို နို့တိုက်တာ လွယ်တယ်လို့ ထင်ရပေမယ့် နည်းစနစ် မမှန်ခြင်းကြောင့် အခက်အခဲတွေ မတွေ့ရလေအောင် နည်းလမ်းတချို့ကို မျှေ၀ပေးချင်ပါတယ်။

          နို့တိုက်တာကို သက်သောင့်သက်သာ အဖြစ်ဆုံးပုံစံနှင့် စတင်ပါ။ အမေရော ကလေးပါ သက်သောင့်သက်သာရှိပါစေ။ လိုအပ်ပါက ခေါင်းအုံးအသုံးပြုပါ။ နို့တိုက်ချိန်ဟာ လိုအပ်တာထက် ပိုကြာနိုင်တာကြောင့် အစကတည်းက မိမိအဆင်ပြေမယ့် အနေအထားမျိုးနှင့် ထိုင်ပါ။ ဒါမှသာ ကလေးရော မိခင်အတွက် အဆင်ပြေမှာပါ။

          ကလေးငယ်ရဲ့ နို့စို့တဲ့ပုံစံကို သတိပြုရပါမယ်။ ကလေးဟာ ဖြည်းဖြည်းနှင့် နက်နက်ရှိုင်းရှိုင်း စို့လိုက်၊ မျိုချလိုက်နဲ့ စည်းချက်မှန်မှန် ရှိနေမှသာ ထိရောက်တဲ့ နို့စို့မှု ဖြစ်မှာပါ။ စည်းချက်ပျက်လာတယ်ဆိုရင် ကလေးငယ်ရဲ့ ပါးစပ်နဲ့ မိခင်ရဲ့သားမြတ် သေချာစွာထိကပ်မှု ရှိ၊ မရှိ ပြန်စစ်ပါ။

          ကလေးငယ်ရဲ့ ပါးစပ်ဟာ မိခင်ရဲ့ နို့သီးခေါင်းတစ်ခုလုံးကို ခြုံငုံမိဖို့လည်း လိုပါတယ်။ ဒါမှသာ နို့စို့လိုက်၊ မျိုချလိုက်နဲ့ စည်းချက်မှန်မှန် ဖြစ်နေမှာပါ။ စည်းချက်ပျောက်နေပါက ကလေးငယ်ရဲ့ ပါးစပ်ထောင့်နေရာကို မိခင်လက်ညှိုးပဲဖြစ်ဖြစ် ထည့်လိုက်ပါ။ ထိုနည်းအားဖြင့် ကလေးငယ် ပါးစပ်ဖွင့်လာချိန်မှ မိခင်သားမြတ်ကို ဆွဲထုတ်ရပါမယ်။ ပြီးရင် ကလေးငယ် နို့မ၀သေးဘူးဆိုရင်တော့ ပြန်တိုက်နိုင်ပါတယ်။

          အသက် 1 လအောက် ကလေးငယ်တွေမှာ နို့ဘူးတိုက်တာ ဒါမှမဟုတ် ချိုလိမ်ပေးထားတာတွေ တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ ချိုလိမ်/နို့ဘူးရဲ့ပုံနဲ့ မိခင်နို့မှ နို့ရည်စုပ်ယူတဲ့ပုံစံက အမေနို့ထက် စို့ရတာလွယ်တော့ နို့ဘူးတိုက်လိုက်၊ အမေနို့တိုက်လိုက် လုပ်ပေးပါက အမေ့နို့စို့တဲ့အခါမှာ စို့ဖို့ အပျင်းထူလာတတ်ပါတယ်။

          မိခင်နို့ချို တိုက်ကျေွးတာဟာ တခြားသောအလုပ်တွေလိုပဲ အစပိုင်းမှာ ခက်ခဲမှုရှိပေမယ့် ဖြည်းဖြည်းချင်း အသားကျအောင် လေ့ကျင့်ယူရပါမယ်။ မိခင်အနေနဲ့ အောက်ပါအချက်တွေကို ရှောင်ရှားခြင်းက နို့ချိုတိုက်ကျေွးတာကို ပိုမိုလွယ်ကူစေမှာပါ။

          သက်သောင့်သက်သာထိုင်ပါ ဆိုပေမယ့် အနေအထားမှန်ဖို့လည်း လိုပါတယ်။ အနေအထား မှန်ကန်စွာ ပွေ့ချီခြင်းက ကလေးငယ် မိခင်နို့ကို ထိရောက်စွာ စို့နေရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကိုင်းပြီး တိုက်မယ့်အစား ကလေးငယ်ကို မေမေတို့ ရင်ဘတ်ဆီသို့ ဆွဲယူပွေ့ချီပြီ နို့တိုက်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကိုငး်ပြီး တိုက်တဲ့အနေအထားက ခဏလေးနဲ့ မိခင်ကို ပင်ပန်းစေပါတယ်။ ကလေးရဲ့ ပါးစပ်ထဲ မိခင်လက် မထည့်ရသေးခင် မိခုင်နို့အုံမှ ကလေးငယ်ကို ဆတ်ခနဲ ဆွဲခါတာမျိုး လုံး၀မလုပ်သင့်ပါဘူး။

          နောက်ဆုံးသတိထားရမယ့်အချက်က မိခင်အားတဲ့အချိန်ရောက်မှ ကလေးငယ်ကို နို့တိုက်တာမျိုးပါ။ မိခင် အားမယ့်အချိန်ထက် ကလေးဆာတဲ့အချိန်က အဓိကပါ။ ကလေးဟာ ငိုနေမယ်။ ပါးစပ်ထဲကို လက်ထည့်မယ်။ ခေါင်းကို ဘယ်ညာလှည့်မယ်။ တအင်အင် ညည်းမယ်။ အိပ်နေရာကနေ မျက်စိပွင့်လာ၊ ပါးစပ်ပွင့်လာပြီး ကောက်ချီလိုက်ချိန်မှာ မိခင်ရဲ့ သားမြတ်နားကို ကလေး တိုးလာမယ်ဆိုရင်တော့ ဒါတွေဟာ ကလေး နို့ဆာနေတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပါတယ်။ နို့၀သွားတဲ့ အရိပ်အယောင် တွေ့ရပါက အတင်းထပ်မတိုက်ပါနဲ့။

Dr. Htet Htet Aung (www.drmyanmar.com)