ဘေဘီလေးတွေမှာ နာကျင်တဲ့အခါ
နာကျင်မှုဝေဒနာဆိုတာ တင်းတင်းကြီး၊ စူးစူးကြီး၊ တစ်စစ်စစ်၊ ထိုးထိုးအောင့်စသဖြင့် မျိုးစုံဖော်ပြလို့ရတဲ့ မကောင်းတဲ့ခံစားမှုတွေကို ပေးနိုင်ပါတယ်။ တောက်လျှောက်နာနေတာဖြစ်နိုင်သလို နာလိုက် ပျောက်လိုက်လည်း ဖြစ်တတ်ပါတယ်။ လူကြီးတွေလိုပဲ ကလေးတွေနဲ့ ဘေဘီလေးတွေမှာလည်း နာကျင်မှုကို ခံစားရတတ်ပါတယ်။ နာကျင်မှုပုံစံအမျိုးမျိုးရှိတာမို့ ဘေဘီလေးတွေဟာလည်း နာကျင်မှုကို ပုံစံမျိုးစုံနဲ့ ဖော်ပြတတ်ပါတယ်။ ဘေဘီလေးတွေမှာ နာကျင်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
● ပိုးဝင်တာ၊ လေပွတာ စတဲ့ နေမကောင်းခြင်းများ
● လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းလိုမျိုးခွဲစိတ်မှုများ
● သွားပေါက်ခြင်း
● ကာကွယ်ဆေးထိုးနှံခြင်း
● ကိုယ်ခန္ဓာထိခိုက်မှုများ
>> နာကျင်ခြင်းရဲ့လက္ခဏာတွေက ဒီလိုလာတတ်ပါတယ်။
ကလေးငယ်လေးတွေဟာ နာတာ ကျင်တာကို စကားလုံးတွေနဲ့ မဖော်ပြတတ်ပါဘူး။ ဒါကြောင့်နာတဲ့အခါ ပြတတ်တဲ့လက္ခဏာတွေကို သိထားရပါမယ်။
● သိပ်မရခြင်း
● နို့မစို့တော့ခြင်း
● အသည်းအသန်ငိုခြင်း
● အားအင်မရှိခြင်း
● နာကျင်တဲ့အမူအရာပြသခြင်း
● ကိုယ်ခန္ဓာတောင့်တင်းနေခြင်း
● ဂျီကျနေခြင်း
ဘယ်လောက်ထိနာနေတယ်၊ နာတာ ဘယ်လောက်ထိ သက်သာသွားတယ်ဆိုတာကို ဘေဘီလေးတွေမှာ ကြည့်ရခက်ခဲပါတယ်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်၊ သွေးတွင်းအောက်စီဂျင်ပမာဏ၊ မျက်နှာ သွင်ပြင်နဲ့ အမူအရာတွေကိုကြည့်ပြီး ခွဲရတာများပါတယ်။
Biogesic for kids IA 1
>> ဘေဘီလေးတွေ နာကျင်တဲ့အခါ ကုသရမယ့်နည်းလမ်းတွေကိုပြောပြပါမယ်နော်။
ကလေးတိုင်း နာတတ်ကျင်တတ်ပါတယ်။ ဒီလိုနာကျင်တဲ့အခါ နာကျင်တာကို သက်သာစေအောင် သေချာကုသဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အာရုံကြောစနစ်မှာ အပြောင်းအလဲတွေ ဖြစ်သွားတတ်ပါတယ်။ နောက်ပိုင်း မှာ နာကျင်မှုကို ပုံမမှန်တုန့်ပြန်မှုတွေ ဖြစ်လာတတ်တာမို့ သတိထားကုသဖို့ လိုပါတယ်။
ဘေဘီလေးနာနေရင် မိဘ ဒါမှမဟုတ် ကလေးထိန်းအနေနဲ့ ပွေ့ဖက်ချော့မြူပေးဖို့လည်း လိုပါတယ်။ နို့တိုက်ပေးတာကလည်း ကလေးတွေအတွက် နာကျင်မှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းတစ်ခုပါပဲ။ ကလေးကို သက်သောင့်သက်သာ ဖြစ်စေရုံတင်မကဘဲ အရေပြားချင်း ထိတွေ့မှုကိုလည်း ရရှိစေနိုင်ပါတယ်။ နို့ကို တစ်ပြွတ်ပြွတ်စို့ခြင်းအားဖြင့် ကလေးကို နာတာကနေ အာရုံလွဲပြောင်းစေပြီး နို့ရည်ချိုချိုလေးကို ရရှိစေနိုင်ပါတယ်။
မေမေအနေနဲ့ ကလေးကို သီချင်းဆိုပြ၊ ဆော့ကစားပေး၊ စကားပြောပေးမယ်ဆိုရင်လည်း ကလေးကို စိတ်ပြောင်းစိတ်လွဲ ဖြစ်စေနိုင်ပါတယ်။ ကလေး သွားပေါက်ချိန်မှာလည်း သွားဖုံးလေးတွေဟာ နီရဲရောင်ကိုင်းလာပါလိမ့်မယ်။ ကလေးမှာ သွားရည်လေးတွေလည်း တတောက်တောက် ကျလာတတ်ပါတယ်။ ဒီလို သွားရည်တောက် လျှောက်ကျတာကြောင့် မျက်နှာမှာပါ နီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။ ချိုလိမ်ကို သကြားရည်နဲ့သုတ်ပြီး စို့စေခြင်းကလည်း ကလေးကို သွားဖုံးနာနေတာကနေ သက်သာစေနိုင်ပါတယ်။ ဘေဘီလေးတွေအတွက်တော့ ပျားရည်မကျွေးသင့်ပါဘူး။
Biogesic for kids IA 2
ပါရာစီတမော စတဲ့ ဆေးတွေကလည်း နာတာ ကျင်တာကို သက်သာစေနိုင်ပါတယ်။ ကလေး ကိုယ်အလေးချိန်နဲ့ တွက်ချက်တိုက်ဖို့တော့ လိုပါတယ်။ နာတာ သက်သာပြီး သက်သောင့်သက်သာဖြစ်ဖို့ အရေးကြီးပါတယ်။
နာတာရှည် နာကျင်မှုကို ခံစားနေရတဲ့ ကလေးမေမေဖေဖေတို့ကတော့ ကလေးမှာ ဆေးတွေရဲ့နောက်ဆက်တွဲ ခံစားရမှာ၊ ဆေးစွဲသွားမှာတွေကို ကြောက်တတ်ကြပါတယ်။ ကိုယ်ခန္ဓာက စွဲလမ်းတာမျိုးတော့ ဖြစ်တတ်ပေမယ့် ဆေးစွဲတယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းတာမျိုးတော့ မရှိနိုင်ပါဘူး။ ကိုယ်ခန္ဓာက စွဲလမ်းတယ်ဆိုတာ ကိုယ်ခန္ဓာကဆေးကို အကျင့်ဖြစ်သွားတာကို ခေါ်ပါတယ်။ ဒါကို ရှောင်ရှားဖို့ကတော့ ဆေးကိုအချိန်တစ်ခုကြာ တဖြည်းဖြည်းချင်း လျော့ပေးနိုင်ပါတယ်။
>> နာကျင်မှုဝေဒနာတွေကို ကာကွယ်ကြမယ်။
ကလေးကို ဆေးပညာအရ တစ်ခုခု စစ်ဆေးတာပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးတာပဲဖြစ်ဖြစ် နာကျင်တာကတော့ ခံစားရမှာပါပဲ။
ဒါကိုရှောင်ရှားဖို့ ကလေးကို အာရုံလွှဲတာ၊ ချော့မြူတာ၊ လှုပ်ပေးတာ၊ အသံပေးတာစတဲ့ အပြုအမူတွေ ပြုလုပ်ပေးနိုင်ပါတယ်။ တချို့လေ့လာမှုတွေကလည်း နို့စို့နေတုန်း ဆေးထိုးတာမျိုးကလည်း နာတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















