မိမိကလေးမှာ အော်တစ်ဇင် ရောဂါ ရှိ၊ မရှိသိနိုင်သော ထူးခြားလက္ခဏာရပ်များ
သနေ္ဓသားအာရုံကြောဖွံ့ဖြိုးမှုချို့တဲ့သောရောဂါလို့ခေါ်တဲ့ အော်တစ်ဇင်ရောဂါကို စောစောရောဂါ ရှာဖွေတွေ့ရှိပြီး ကုသပါက ရလဒ်ကောင်းထွက်နိုင်ပါတယ်။ ဒါကြောင့် အော်တစ်ဇင်ရောဂါဖြစ်နေကြောင်း စော စီးစွာသိရှိဖို့လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ မိမိကလေးမှာအော်တစ်ဇင်ရောဂါ ဖြစ်နေသလားဆိုတာကို ဆန်းစစ်နိုင်ဖို့အတွက် အောက်ပါလက္ခဏာရပ်တွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။
1. ကလေးအားနာမည် ခေါ်တဲ့အခါ ပြန်လည်တု့ံပြန်မှုမရှိခြင်း
သာမာန်အားဖြင့်ကလေးငယ်တွေဟာ သူတို့နာမည်ခေါ်တဲ့အခါ ခေါ်တဲ့ဘက်ကို လှည့်ကြည့်တုံ့ပြန်တတ်ပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ကလေးတွေဟာ ၄င်းတို့ရဲ့နာမည်ကိုခေါ်တဲ့ အခါ ပြန်လည်တုံ့ပြန်လေ့မရှိကြပါဘူး ။ တစ်နည်းအားဖြင့်ဆိုရရင် အော်တစ်ဇင်ဖြစ်နေတဲ့ကလေးတွေဟာ အသံကိုရွေးပြီးတုံ့ပြန်တတ်ပါတယ်။ ဥပမာအနေနဲ့ဆိုရရင် မိဘကသူတို့နာမည်ကို လှမ်းခေါ်လိုက်တဲ့အခါ မည်သို့မျှပြန်ပြီးတု့ံပြန်ခြင်းမရှိကြပေမယ့် တီဗွီဖွင့်လိုက်ချိန်မှာတော့ တီဗွီဘက်ကိုလှမ်းကြည့်တတ်ကြပါတယ်။ အဲ့ဒါကိုမိဘတွေအနေနဲ့ ကလေးမှာ အကြားအာရုံချို့တဲ့နေတယ်လို့ လွဲမှားစွာသံသယရှိနိုင်ပါတယ်။
2. တစ်စုံတစ်ရာကိုတွေတွေငေးငေးစိုက်ကြည့်နေတတ်ခြင်း
ပြောသမျှကို သိနားလည်တဲ့အရွယ်၊ စကားပြောတတ်တဲ့အရွယ်လေးတွေဟာ ၄င်းတို့အမြင်အာရုံအရှေ့မှာ ထူးဆန်းတဲ့ တစ်စုံတစ်ရာကိုတွေ့တဲ့အခါ လက်ညှိုးထိုးပြပြီး ၄င်းရဲ့အနီးအနားမှာရှိတဲ့သူကိုပါ ကြည့်ဆိုပြီးညွှန်ပြတတ်ပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ မည်သူ့ကိုမှ ညွှန်ပြခြင်းမရှိတဲ့အပြင် အချိန်အကြာကြီးကြောင်အန်းအန်းဖြစ်ကာ တစ်ယောက်တည်း ကြည့်နေတတ်ပါတယ်။
3. တုပလိုက်လုပ်မှုမရှိခြင်း
အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးတွေဟာ လူကြီးတွေလုပ်ပြသမျှ ဟန်ပန် အမူအရာ၊ ပြုမူပုံတွေကို တုပခြင်းလွန်စွာနည်းပါတယ်။ ဒါကြောင့် လူကြီးတွေပြောသမျှ၊ ပြုမူသမျှကို အတုခိုးလိုက်လုပ်ရဲ့လားဆိုတာကို သတိထားကြည့်ရှုသင့်ပါတယ်။
4. စိတ်ခံစားချက်နှင့် တုံ့ပြန်မှုမရှိခြင်း
ကလေးတွေရဲ့ထုံးစံကတော့ အခြားကလေးငိုရင် လိုက်ငို၊ အခြားကလေးရယ်ရင် လိုက်ရယ်တတ်ကြပြီး ကစားစရာနဲ့ ကစားတာ၊ ကလေးအချင်းချင်းဆိုရင် ဆော့ချင်တာစတဲ့ စိတ်ခံစားချက်ဖြစ်ပေါ်ကြပေ မယ့် အော်တစ်ဇင်ကလေးတွေကတော့ ပြုံးရယ်ခြင်းလည်းမရှိတတ်သလို တခြား ကလေးတစ်ယာက်နဲ့ ဆော့ချင်တဲ့စိတ်ခံစားချက်မရှိတဲ့အပြင် သူများ၀မ်းနည်းနေတာကို ကြည့်ပြီးသနားစိတ်၊ စိတ်မကောင်းတဲ့ ခံစားချက်မျိုးလည်းမဖြစ်တတ်ပါဘူး။ ဒါကြောင့် မိမိရဲ့ကလေးမှာ ၀မ်းနည်း၊ ၀မ်းသာစိတ်မဖြစ်ဘူးဆိုရင် အော်တစ်ဇင်ဖြစ်နေသလားလို့ သံသယရှိသင့်ပါတယ်။
5. တစ်စုံတစ်ယောက်အသွင် ဟန်ဆောင်ကာ မကစားခြင်း
ကလေးတွေဟာ သူတို့ကိုယ်သူတို့ တစ်စုံတစ်ယောက်ဖြစ်နေဟန်ဆောင်ကာ ကစားစရာတွေနဲ့ ကစားတတ်လေ့ရှိကြပါတယ်။ ဥပမာအားဖြင့် အဖေ၊ အမေ၊ ဆရာ၀န်၊ ဆရာမ၊ အိမ်ရှင်မတစ်ယောက်အသွင် ဟန်ဆောင်ကာ ပြုမူဆက်ဆံပြောဆိုပြီး ကစားကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့်အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးတွေကတော့ ၄င်းလက်ထဲမှာရှိတဲ့ ကစားစရာတစ်မျိုးတည်းအပေါ်မှာသာ အာရုံစိုက်ထားတတ်ခြင်း သို့မဟုတ် သူ့လက်လှုပ်ရှားမှုအပေါ်မှာသာ အထူးအဆန်းတစ်ခုလို အာရုံရောက်နေတတ်ပါတယ်။
Cho Thet
















