/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးများတွင်ဖြစ်သော-အသားဝါရောဂါ

မွေးကင်းစကလေးများတွင်ဖြစ်သော အသားဝါရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

       မွေးကင်းစကလေးရဲ့ အရေပြားနဲ့ မျက်ဖြူသားမှာ အဝါရောင်သန်းနေခြင်းကို အသားဝါတယ်လို့ခေါ်ပြီး ဒါက ကလေးရဲ့သွေးထဲမှာ bilirubin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးများလို့ဖြစ်တာပါ။ ကလေးအများစုက မွေးပြီးစရက်ပိုင်းမှာ အသားအနည်းငယ်ဝါလေ့ရှိပြီး တစ်ပတ် နှစ်ပတ်အတွင်း သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ အချို့ကလေးတွေမှာ bilirubin ပမာဏ ဆက်တက်နေပြီး ကုသမှုမခံယူရင် kernicterus လို့ခေါ်တဲ့ ဦးနှောက်ပျက်စီးတဲ့ရောဂါဖြစ်စေနိုင်တဲ့အတွက် ကလေးမှာအသားဝါရင်တော့ ဂရုစိုက်ဖို့အရေးကြီးပါတယ်။

အသားဝါရောဂါဖြစ်စေသောအကြောင်းအရင်းများ

       ကလေးရဲ့ကိုယ်ထဲမှာ bilirubin ပုံမှန်ထက်ပိုများနေရင် အသားဝါရောဂါဖြစ်တတ်ပါတယ်။ bilirubin ဆိုတာ သွေးနီဥအဟောင်းတွေ ပျက်စီးတဲ့အခါမှာ ထွက်လာတဲ့ အဝါဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီး၊ မစင်ထဲကမှတဆင့် ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးရဲ့ bilirubin ကို အချင်းမှတဆင့်စွန့်ထုတ်ပေးပေမယ့် မွေးပြီးချိန်မှာတော့ ကလေးက သူ့ဟာသူပဲစွန့်ထုတ်ရပါတယ်။ အများအားဖြင့် ကလေးတွေက ပိုနေတဲ့ bilirubin တွေကို ကောင်းစွာမစွန့်ထုတ်နိုင်သေးတဲ့အတွက် ရောဂါ မဟုတ်တဲ့အသားဝါခြင်းဖြစ်တတ်ပါတယ်။ ဒီအသားဝါတာက မွေးပြီး 24 နာရီအတွင်းမှာစပေါ်လာတတ်ပြီးတော့ 3-4 ရက်မြောက်နေ့တွေမှာပိုဆိုးလာပြီး နောက်တစ်ပတ်အတွင်းမှာ သူ့အလိုလိုပြန်ပျောက်သွားပါတယ်။

      ပိုးဝင်ခြင်း၊ အစာချေစနစ်ပြဿနာရှိခြင်း၊ မိခင်နှင့်ကလေးသွေးအမျိုးအစား (Rh) မကိုက်ညီခြင်း  စတာတွေကြောင့်လည်း အသားဝါဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့်ဆိုရင်တော့ မွေးပြီးတစ်ရက်အကြာမှာ အသားဝါဖြစ်တတ်ပါတယ်။

ရောဂါလက္ခ္ခဏာများ

      အသားဝါရောဂါဖြစ်ရင် ကလေးရဲ့ အရေပြားနဲ့ မျက်လုံးအဖြူသားတွေ ဝါလာတတ်ပါတယ်။ အဝါက ကလေးမျက်နှာနဲ့ ရင်ဘတ်တွေမှာ မွေးပြီး 1-5 ရက်အတွင်းစဖြစ်ပါတယ်။ bilirubin ဆက်မြင့်နေရင် ကလေးက -

- အသားပိုဝါလာမယ်။

- အီပြီးတော့ နို့ကောင်းကောင်းမစို့တော့ဘူး။

- စိတ်တိုမယ်၊ ထိတ်လန့်နေမယ်။

- ကျောကော့ပြီးငိုမယ်။

- အသံစူးစူးနဲ့ငိုမယ်။

Bilirubin များရင် စိုးရိမ်ရတဲ့အတွက် ဆရာဝန်ချက်ချင်းပြဖို့လိုအပ်ပါတယ်။

ကုထုံးများ

      Bilirubin ပုံမှန်ထက်ပိုများနေရင် ဆေးရုံမှာ မီးပြပြီး ကုသမှုခံယူရပါမယ်။ ကလေးကို နေပြခြင်း၊ ပြတင်းပေါက်နားမှာထားခြင်းတွေမပြုပါနဲ့။ မီးပြတယ်ဆိုတာ ကလေးအန္တရာယ်ကင်းစေဖို့ အထူးပြုလုပ်ထားတဲ့ အလင်းနဲ့ပတ်ဝန်းကျင်လိုအပ်ပါတယ်။

      ကျန်းမာရေးပြဿနာကြောင့် အသားဝါဖြစ်တာဆိုရင် အခြားကုထုံးတွေနဲ့ကုသမှုခံယူရပါမယ်။ ဥပမာ Rh (မျောက်သွေး) မတည့်ခြင်းကြောင့်ဖြစ်တာဆိုရင် သွေးလဲဖို့လိုပါတယ်။

ကလေးကို ဘာတွေလုပ်ပေးဖို့လိုလဲ

ကလေးမှာအသားဝါရင်

- ကလေးကို တစ်နေ့နှစ်ကြိမ် ပုံမှန်အသားရောင်ပြန်ဖြစ်မဖြစ် အနီးကပ်ကြည့်ပေးပါ။ ကလေးက အသားမည်းရင် မျက်စိအဖြူသားကိုကြည့်ပါ။

- ဆရာဝန်ပြန်ချိန်းတဲ့ရက်အတိုင်းကလေးကို သွားပြပါ။

- ကလေး 3 ရက်ကျော်အရွယ်မှာ အသားပိုဝါလာရင် ဆရာဝန်ချက်ချင်းပြပါ။

- အကောင်းဆုံးနည်းလမ်းကတော့ ကလေးကို နို့များများစို့စေခြင်းဖြင့် bilirubin တွေကို စွန့်ထုတ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

- တစ်ရက်လျှင် 8-12 ကြိမ်ခန့် မိခင်နို့တိုက်ပါ။

- နို့ဘူးတိုက်လျှင်လည်း 24 နာရီတိုင်း 6-10 ကြိမ်တိုက်ပါ။

ကလေးနို့ကောင်းကောင်းမဝင်ဘူးထင်ရင် သူနာပြု၊ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com