မွေးစကလေးများရဲ့ ကိုယ်အလေးချိန် တိုးတက်လာပုံ ပုံမှန် ဟုတ်၊ မဟုတ်
ကိုယ်အလေးချိန်တိုးလာခြင်းဟာ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုပြတဲ့ အရေးကြီးဆုံးညွှန်းကိန်းတစ်ခုပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကိုယ်အလေးချိန် တိုးတက်ပုံအကြောင်းကို သေချာစွာ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
>> ကိုယ်အလေးချိန်တိုးခြင်းဟာ ကလေးတွေအတွက် ဘာကြောင့်အရေးကြီးတာလဲ?
ကိုယ်အလေးချိန်တိုးခြင်းဆိုတာ ကလေးတွေရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့ပါပဲ။ မွေးပြီးကာစ ကလေးလေးတွေကို (၂၄) နာရီအပြည့် သူနာပြု (သို့) ဆရာဝန်က အနီးကပ်စောင့်ကြည့်ပြီးနောက် တစ်ပတ်တစ်ကြိမ်ခန့် ဆရာဝန်နဲ့ ထပ်မံပြသပြီး အာဟာရပြည့်ပြည့်ဝဝရပြီး ကိုယ်အလေးချိန်တိုးနေတာ သေချာအောင် စောင့်ကြည့်သင့်ပါတယ်။
Ceelin 1
>> ကလေးတွေရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ သက်ဆိုင်နေသောအချက်များ
(၁) မိဘတွေရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။
(၂) ကိုယ်ဝန်ရှိစဉ် စားသောက်နေထိုင်မှုပုံစံကလည်း ကလေးရဲ့ကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။
(၃) အသက် (၃၀) အထက် မိခင်တွေမှာ ကလေး ပိုထွားတတ်ပါတယ်။
(၄) လမစေ့ဘဲမွေးတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန် နည်းတတ်ပါတယ်။
(၅) ပထမဆုံးမွေးတဲ့ သားဦးကလေးတွေဟာ ကိုယ်အလေးချိန် နည်းတတ်ပါတယ်။
(၆) အမြွှာကလေးတွေဟာ ကိုယ်ဝန်ထဲမှာနေရစဉ် အာဟာရတွေကို ခွဲဝေယူရတဲ့အတွက် ကိုယ်အလေးချိန် နည်းတတ်ပါတယ်။
ကလေးတွေရဲ့ ပျမ်းမျှကိုယ်အလေးချိန်ဟာ (2.5)kg မှ (3.5)kg ကြား ရှိသင့်ပါတယ်။ မွေးပြီးပြီးချင်း ကိုယ်အလေးချိန် တိုးခြင်း၊ လျော့ခြင်း ရှိတတ်ပါတယ်။
>> မွေးပြီးစကာလ ကိုယ်အလေးချိန်တိုးခြင်း
ကလေးတွေဟာ မွေးပြီး ပထမသုံးလအတွင်းမှာ တစ်ရက်ကို ၂၅ ဂရမ် တိုးပါတယ်။ ဒုတိယသုံးလမှာ တစ်ရက်ကို ၂၀ ဂရမ် တိုးပြီး တတိယသုံးလမှာ တစ်ရက်ကို ၁၅ ဂရမ် နှုန်းနဲ့ တိုးသွားပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်ပတ်ကို ၁၇၅ ဂရမ် မှ ၂၀၀ ဂရမ် ထိ တိုးပြီး တစ်လကို ၇၀၀ မှ ၈၀၀ ဂရမ် တိုးပါတယ်။
မိခင်နို့တစ်မျိုးတည်းတိုက်တဲ့ ကလေးတွေဟာ ကိုယ်အလေးချိန် ပိုတိုးတာကို တွေ့ရပါတယ်။
>> မွေးပြီးစကာလ ကိုယ်အလေးချိန်လျော့ခြင်း
မွေးပြီးပြီးချင်း ကိုယ်အလေးချိန်ရဲ့ (၁၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားတတ်ပြီး (၁၀) ရက်မှ (၂) ပတ်အတွင်း ပြန်တက်လာတတ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ ကလေးတွေမှာတော့ အချိန်ပိုယူရတတ်ပါတယ်။
Ceelin 2
>> အာဟာရပြည့်ဝတဲ့ လက္ခဏာများ
(၁) နို့စို့ပြီးလျှင် မငိုခြင်း
(၂) ကောင်းစွာ အိပ်စက်ခြင်း
(၃) နို့တိုက်ပြီးလျှင် ရင်သားများ ပျော့သွားခြင်း/ပေါ့သွားခြင်း
(၄) တစ်နေ့လျှင် (၈-၁၂) ကြိမ်ခန့် နို့စို့ခြင်း
(၅) ဆီးပုံမှန်သွားခြင်း
(၆) ဆီးအရောင်က အဝါနုရောင်ရှိခြင်း
(၇) သေးခံကို တစ်နေ့လျှင် (၆-၈) ကြိမ်ခန့် လဲပေးရခြင်း
(၈) သေးခံအပြည့်စိုခြင်း
(၉) ကိုယ်အလေးချိန် ပုံမှန်တိုးခြင်း
>> အာဟာရမပြည့်ဝတဲ့ လက္ခဏာများ
(၁) သေးခံတွင် အနည်းငယ်သာ စိုခြင်း
(၂) နှုတ်ခမ်းနဲ့ အရေပြားများ ခြောက်သွေ့နေခြင်း
(၃) အသားအရေများ လျော့ရဲနေခြင်း
(၄) အမြဲလိုလို ငိုနေခြင်း/ဂျီကျနေခြင်း
(၅) ဦးခေါင်းငယ်ထိပ် အရေပြား ချိုင့်ဝင်နေခြင်း
>> ကလေး ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ပြုစုစောင့်ရှောက်နည်း
(၁) ကလေး ဆာတိုင်းတိုက်ပါ။
(၂) နို့တိုက်တဲ့အခါ ကလေးနဲ့ ကောင်းစွာထိကပ်ပြီး တိုက်ပါ။
(၃) ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါတယ်။
(၄) မိခင်က အာဟာရပြည့်နေဖို့လည်း အရေးကြီးပါတယ်။ Breast pump (နို့ညှစ်ခွက်) သုံးခြင်းက နို့ဘယ်လောက်ထွက်လဲ သိနိုင်တဲ့အပြင် နို့ကိုလည်း ပိုထွက်အောင် လှုံ့ဆော်ပေးပါတယ်။
(၅) ကလေးက နို့မစို့ချင်တော့တဲ့လက္ခဏာပြရင် (နို့သီးခေါင်းကို ထွေးထုတ်တာမျိုး၊ ခေါင်းကို တစ်ဖက်လှည့်သွားတာမျိုး) ဆက်မတိုက်ပါနဲ့။
ကလေးရဲ့ ကိုယ်အလေးချိန် တိုးခြင်း၊ လျော့ခြင်းဟာ မိဘတွေကို စိတ်ပူစေတဲ့အချက် ဖြစ်စေသော်လည်း အရမ်းပူပန်မိတာမျိုးမဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လမ်းညွှန်ချက်တွေကို လိုက်နာခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့မိသားစုလေးကို ဖန်တီးနိုင်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)














