ရင်သွေးလေးတွေ ကိုယ်ပူပြီး တက်သွားတဲ့အခါ ...
" သမီးလေးက အိပ်လိုက်တာ ... ရေတွင်းက ရေအေးတွေ လောင်းချိုးပေးပြီး ကတည်းက တစ်ချိုးတည်း အိပ်သွားတာ ... "
မိခင်က ပုခက်ထဲ အိပ်နေတဲ့ ချစ်စရာသမီးလေးကို ကြည့်နေမိနေပါတယ်။
" အမေ ပြန်လာပီလား ... အမေရေ ... အမေ့မြေးက အိပ်လွန်းလို့ ကျွန်မဟင်းတွေတောင် ဝင်ချက်ထားသေးတယ် "
အဘွားက သားဖွားဆရာမကြီး။
မလုပ်တတ် မကိုင်တတ် အမေဖြစ်ခါစသမီးကို တစ်ချက်ကြည့်လိုက်ပြီး -
" ကလေးက အိပ်တယ်??? နှိုးကြည့်သေးလား "
" ဟုတ် ... အမေ ရေတွင်းက ရေအေးတွေ ငင်ပြီး ချိုးပေးပြီးကတည်းက အေးပြီး အိပ်သွားတာ သူ ပူနေတာနဲ့ ရေအေး ......... "
စကားတောင် မဆုံးသေး ... အမေက အလန်တကြား ပြေးလာပြီး ပုခက်တွင်းက ကလေးကို ပွေ့ချလိုက်ပါတော့တယ်။
အသားဖွေးဖွေး၊ ပါးဖောင်းဖောင်းနှင့် ချစ်စရာသမီးလေး တစ်ယောက် မျက်လုံးလေးတွေ ပွင့်လာပြီး မျက်လုံးလေးတွေ အထက်ကို လန်ကျသွားပါတော့တယ်။
" ဟောတော့ ... . ကလေးက တက်သွားပြီ ... အမေ လုပ်ပါဦး "
ကလေးဘွားအေက ကလေးကိုယ်က စောင်တွေကို ဖယ်၊ မိခင်ကတော့ ခြေတွေ ပျော့ကျသွားပါတော့တယ်။ ကလေးကတော့ ကိုယ်တွေ ခြစ်ခြစ်တောက်ပူလို့။
==========================================================
အဖျားကြီးပြီး တက်သွားတဲ့အခါ မျက်လုံးလေးတွေ အထက်ကို လန်သွားပါတယ်။ ခြေတွေ၊ လက်တွေ တောင့်သွားတယ်။ ကလေးက အသိမရှိတော့သလို တောင့်သွားတာကနေ ရုတ်တရက် ပျော့ဆင်းသွားပြီး အဲဒီလိုဖြစ်တာ အနည်းဆုံး စက္ကန့်သုံးဆယ်ကနေ တစ်မိနစ်ထိ ကြာတတ်ပါတယ်။
Cool Feel 1

>> ကလေးတွေ အဖျားကြီးတဲ့အခါ -
● ကလေးကိုယ်ပေါ်က အဝတ်အစားတွေ၊ စောင်ထူထူတွေကို ဖယ်ပစ်ပါ။
● ပါးစပ်ထဲ ရေလောင်းထည့်တာ၊ ဆေးရည်လောင်းချတာတွေကို လုံးဝရှောင်ပါ။ ကလေးက သီးပြီး ဆေးရည်တွေ အသက်ရှူလမ်းကြောင်းထဲ ရောက်သွားနိုင်ပါတယ်။
● ခြေမချိုးတာတွေ၊ နှာခေါင်းကို ဖိတာတွေ မလုပ်ပါနဲ့။
● ကလေးကို သာမန်အပူချိန် ရေအေးနဲ့ ရေဝတ် တင်ပါ။ ချိုင်းကြား၊ ပေါင်ခြံ၊ တင်ပါး အကုန်ပါ,ပါစေ။ ရေဝတ်တင် ပြောလို့ နဖူးတင် ကွက်တင်နေတဲ့အမေတွေ တွေ့ဖူးပါတယ်။ ရေခဲ လုံးဝ မသုံးရပါ။
● ကလေးကို စောင်းထားပါ။ ပါးစပ်ထဲ နို့ဘူး၊ ချိုလိမ် ဘာမှ စို့မနေစေပါနဲ့။
● ကလေးကို ဆရာဝန်ဆီ ချက်ချင်းခေါ်သွားပါ။ အတက်တွေက ခဏပဲ ကြာပေမယ့် ဆရာဝန်က ကိုယ်ပူကျဖို့ အတက်ရပ်ဖို့ စအိုကနေ ဆေးထည့်ပေးတတ်ပါတယ်။
>> ကလေး ကိုယ်ပူ မကြီးလာအောင် -
● ကလေးဖျားတဲ့အခါ ပါရာစီတမောပါတဲ့ အရည် တိုက်ပါ။
● ရေပတ် နိုင်နိုင်တိုက်ပါ။ Biogesic Cool Feel လို ကိုယ်ပူကျကပ်ခွာမျိုးတွေလဲ ကပ်ပေးနိုင်ပါတယ်။
● ဒုံးကျည်ပါရာစီတမော ဆောင်ပါ။
● အဝတ်ထူထူ မဝတ်ပေးပါနဲ့။
ထပ်ခါထပ်ခါ တက်နေတဲ့အခါ မကြာခဏ တောင့်တင်းပြီး တက်တတ်တဲ့အခါ ဆေးရုံတင်ဖို့ လိုလေ့ ရှိပါတယ်။
>> ဦးနှောက်အမြှေးရောင်တဲ့အခါ -
● ကလေးမှိန်းမယ်၊ ဂဏှာမငြိမ်ဖြစ်မယ်
● တက်မယ်၊ တက်ချိန် ကြာမယ်
● အန်မယ်၊ ဂျီကျမယ်
ဘက်တီးရီးယားတွေကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ကြောင့်ပဲ ဦးနှောက် ရောင်ရောင်တက်တာက ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်တာကို သတိချပ်ဖို့ပါ။
ဒါ့အပြင် ဦးနှောက်ပြည်တည်ရောဂါမှာလည်း တက်တတ်ပါတယ်။
>> ရိုးရိုးအဖျားကြီးပြီး တက်တဲ့ကလေးတွေကတော့ -
● အသက်ငါးနှစ်အောက်တွေ ဖြစ်ပါတယ်။
● ခဏပဲ တက်ပြီး ပြန်ကျသွားပါတယ်။
● တက်ပြီးတဲ့အခါ အားနည်းနေပေမယ့် ခြေတွေ၊ လက်တွေ နဂိုလိုပဲ လှုပ်ရှားနိုင်ပါတယ်။
● အဖျားကြီးတဲ့အခါပဲ တက်ပါတယ်။
● မိသားစုထဲမှာလည်း ငယ်ငယ်က အဖျားကြီးပြီး တက်တက်သူတွေ ရှိနေပါတယ်။ မျိုးရိုးလိုက်တယ်ပေါ့။
တကယ်တော့ အဖျားကြီးပြီးတက်တာကြောင့် နောက်ပိုင်း ဉာဏ်ထိုင်းတာ၊ မသန်မစွမ်းလေးတွေဖြစ်တာ၊ ဖွံဖြိုးကြီးထွားမှု နှေးကွေးတာတွေဖြစ်တာ ဆက်စပ်မှု မတွေ့ရပါဘူး။
ဒီတော့ ရင်သွေးလေးတွေ အဖျားကြီးတဲ့အခါ အလွန်အကျွံ စိတ်မပူဘဲ ရေပတ်တိုက်ခြင်း၊ အပူကျကပ်ခွာသုံးခြင်း၊ ဆရာဝန် ပြသခြင်း၊ ကိုယ်ပူမကြီးအောင် အမြဲဂရုတစိုက် ကာကွယ်ပြီး ပါရာစီတမောတိုက်ခြင်းဖြင့် အေးဆေးစွာ ကျော်လွှားနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Cool Feel 2

(Unicode)
==========================================================
















