ရေပူလောင်တဲ့အခါ
ရေနွေးပူပူ၊ ဟင်းရည်ပူပူ သောက်လိုက်တဲ့အချိန် လျှာကျက်သွားတာ၊ ပူနေတဲ့ရေပိုက်ခေါင်းမှာ လက်ဆေးရင်း ကမန်းကတန်း လက်ကို ဖယ်ရတာတွေ ဖြစ်ဖူးကြမှာပါ။ ရေပူလောင်တတ်တယ်ဆိုတာ လူတိုင်းသိပြီးသား ခေါင်းစဉ်ပါပဲ။
ရေနွေးခလုတ်ကို မပိတ်မိတဲ့အခါ ရေပိုက်ခေါင်းကကျလာတဲ့ ရေရဲ့အပူချိန်ဟာ ၁၄၆°F လောက် ရှိနိုင်တယ်။ ရေပွက်ပွက်ဆူတဲ့ အပူချိန် ၂၁၂°F နဲ့ ယှဉ်လိုက်ကြည့်လိုက်ပါလား။
အထူးသဖြင့် ကလေးတွေဟာ ရှာကြံဆော့တဲ့အခါ အပူလောင်တတ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကိုယ့်သားသမီးတွေ ဘာ တွေလုပ်နေလဲဆိုတာကို သေချာဂရုစိုက်ကြည့်ရမယ်။ တကယ်လို့ အပူလောင်သွားပြီဆိုရင်လည်း “အအေးခံ၊ သန့်ရှင်း၊ ဖုံးအုပ်၊ ဖုန်းခေါ်” ဆိုတဲ့ အချက်တွေကို လုပ်ရမယ်။
၁။ အအေးခံပါ။
လောင်သွားတဲ့နေရာကို ရေအေးစက်စက်မဟုတ်တဲ့ ရိုးရိုးရေအေးမှာ ဆေးပေးပါ။ အနည်းဆုံး ၅ မိနစ်လောက်တော့ ထားဖို့လိုတယ်နေ်ာ။ ရေကို အရမ်းအေးတာ၊ ရေခဲတုံးတွေ ထည့်တာမျိုး မလုပ်ပါနဲ့။
၂။ ဆေးကြောပါ။
ရေသန့်သန့်လေးနဲ့ ဆပ်ပြာအပျော့စားကိုသုံးပြီး ဆေးကြောပေးပါ။
၃။ ဖုံးအုပ်ထားပါ။
အာရုံကြောတွေ ထိခိုက်မှုမရှိအောင်နဲ့ ပိုးမွှားတွေမဝင်နိုင်အောင် သန့်ရှင်းခြောက်သွေ့တဲ့ ပတ်တီးလေးနဲ့ စည်းပေးထားပါ။
၄။ အကူအညီတောင်းပါ။
အပူလောင်တာဟာ တစ်သက်တာအမာရွတ်တေ ကျန်ရလောက်အောင် ဆိုးပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ပြဖို့တော လိုမယ်နော်။
ဆရာဝန်က အပူလောင်တဲ့နေရာနဲ့ ပိုးဝင်တဲ့လက္ခဏာတွေ ရှိ၊ မရှိကို ကြည့်ရှူစစ်ဆေးပေးလိမ့်မယ်။
>> ကလေးတွေမှာ ဒီလိုအပူလောင်တာကို ကာကွယ်ဖို့အတွက်
● ရေချိုးခန်းရေနွေးစက်ကို ၁၂၀°F ထက် ကျော်အောင်မထားပါနဲ့။
● မီးဖိုတွေ၊ အပူလောင်နိုင်တဲ့နေရာတွေမှာ ကလေးတွေကို မလာပါစေနဲ့။
● အရည်ပူပူတွေကို စားပွဲစွန်းတွေမှာ တင်တင်ထားတာမျိုး မလုပ်နဲ့နော်။
● ပြီးတော့ အရည်ပူပူတွေကို အဖုံးလုံအောင်ပိတ်ထားတဲ့ဘူးထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။
● လက်ကိုင်ပါတဲ့ဟင်းအိုးတွေဆိုရင် လက်ကိုင်ကို တခြားဘက်လှည့်ထားပါ။
● ရေချိုးခန်းထဲ ကလေးကိုတစ်ယောက်တည်း ထားခဲ့တာ၊ ရေအပူချိန် ချိန်ခိုင်းတာမျိုး မလုပ်နဲ့နော်။
● ဓာတ်ကြိုးတွေကိုလည်း လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။
ကလေးငယ်တုန်းပဲ မိဘက ထိန်းလို့ရတာပါ။ ကြီးလာတဲ့အခါ သူ လုပ်ချင်တာ လုပ်လာတတ်လို့ ကလေးဘဝကတည်းက ရေဆိုတာလည်း မီးလိုပူတတ်ကြောင်း ပြောပြထားရပါမယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















