သားသားမီးမီးတို့ရဲ့သွားကျန်းမာရေး ဖေဖေမေမေတို့ သတိပြုပေး
ဆိုင်ရောက်တဲ့အခါ သကြားလုံး ရောင်စုံချစ်စရာလေးတွေဟာ ကလေးတွေကို ဆွဲဆောင်တတ်ပါတယ်။ ကလေးတွေ ပူဆာတော့လည်း မေမေဖေဖေတို့ မနေနိုင်ပြန်ပါဘူး။ ဒီလိုကလေးကို သကြားလုံး ဝယ်မပေးခင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ကလေးတွေမှာ ကြုံရတတ်တဲ့သွားပြဿနာတွေဟာ သကြားလုံးတွေကြောင့်ချည်းပဲတော့ မဟုတ်ပေမယ့် အတိုင်းအတာ ကြီးကြီးမားမား ပါဝင်ပါတယ်။ တခြားအကြောင်းရင်းတွေအနေနဲ့ လက်မစုပ်တာ၊ လျှာနဲ့ မကြာမကြာ သွားကိုတွန်းတွန်းနေတတ်တာ၊ သွားစောစောကျိုးတာ၊ နှုတ်ခမ်းကိုစုပ်နေတတ်တာ စတာတွေ ပါဝင်ပါတယ်။
>> ကလေးသွားကို ဂရုစိုက်ဖို့ အရေးကြီးသလား?
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြုအမူတွေဆိုတာ အိမ်မှာပဲ သင်နိုင်တာပါ။ ကလေးတွေအတွက်တော့ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ ကလေးတွေကို သွားနဲ့ခံတွင်းကျန်းမာရေး သင်ကြားပေးတဲ့နေရာမှာ မေမေဖေဖေတို့ကိုယ်တိုင်က စံပြအနေနဲ့ လုပ်ပြသင့်ပါတယ်။ ပြီးတော့ ငယ်ရွယ်စဉ်ကတည်းက သွားဆရာဝန်နဲ့ မှန်မှန်ပြသခြင်းကလည်း သွားကျန်းမာရေးအတွက် အရေးပါပါတယ်။ သွားပိုးစားတာဟာ ကလေးသွားစပေါက်ကတည်းက ဖြစ်နိုင်ပါတယ်။ ဒီငယ်သွားတွေဟာ အချိန်တန်ရင် ကျိုးသွားမှာဆိုပေမယ့် အစာဝါးဖို့၊ လုံလောက်တဲ့ အာဟာရဓာတ်တွေရဖို့ အရေးပါပါတယ်။ ကလေး ကောင်းကောင်း စကားပြောနိုင်ဖို့ကလည်း သွားက အရေးကြီးပြန်ပါတယ်။ သွားလေး ဖြူဖွေးလှပနေဖို့ကလည်း အရေးကြီးတာပဲလေ။ ဒါကြောင့် ငယ်စဉ်ကတည်းက သွားကျန်းမာရေးကိူ ဂရုစိုက်ဖို့လိုတာပေါ့။
>> ကလေးတွေ ကြုံတတ်တဲ့သွားပြဿနာများနဲ့ ဖြေရှင်းနည်းများ
၁။ နို့ဘူးကြောင့်ဖြစ်တတ်တဲ့ သွားပိုးစားခြင်း
မွေးကင်းစနဲ့ လေးဖက်သွားအရွယ်မှာ ကြုံတွေ့ရတတ်တဲ့သွားပြဿနာတစ်ခုက နို့ဘူးကြောင့် သွားပိုးစားတာပါပဲ။ အချိုနဲ့ အချိန်အကြာကြီး သွားက ထိတွေ့မိတာကြောင့် ဖြစ်ရတာပါ။ ခံတွင်းထဲက ဘက်တီးရီးယားဟာ အချိုကို ဖြိုခွဲစားသောက်ပြီး သွားပိုးစားစေပါတယ်။ ကလေးဟာ နို့ငုံပြီး အိပ်သွားတတ်ရင် ဒီပြဿနာ မလွဲမသွေကြုံရမှာပါပဲ။ သွားပိုး အရမ်းစားခြင်းက နောက်ထပ် သွားအသစ်ထွက်လာတဲ့အခါ အဟန့်အတားဖြစ်စေပြီးတော့ သွားထပ်တာ၊ သွားမညီတာတွေကို ဖြစ်စေနိုင်ပါတယ်။
** ဖြေရှင်းနည်း **
● နေ့ခင်းဘက်မှာ ကလေးကို ချော့တဲ့အနေနဲ့ နို့ဘူး မတိုက်ထားပါနဲ့။ ချိုလိမ်တို့၊ ရိုးရိုးရေဘူးတို့ပဲ တိုက်ပါ။
● ကလေးချိုလိမ်ကို ပျားရည်သုတ်တာတို့၊ သကြားရည်သုတ်တာတို့ မလုပ်ပါနဲ့။
● ကလေး အိပ်သွားတာနဲ့ အမေ့နို့ကို ဖြုတ်ပါ။
● ကလေးအတွက် သင့်တော်တဲ့ ဖလိုရိုက်ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ၁ နှစ်ပြည့်တာနဲ့ ခွက်ကလေးနဲ့ သောက်တတ်အောင် သင်ပေးပါ။
Biogesic for kids IA 1
၂။ လက်မစုပ်ခြင်း
လက်မစုပ်ခြင်းဟာ ကလေးတွေအတွက် စိတ်လုံခြုံမှုကိုရစေပြီး သဘာဝကြီးထွားမှုဖြစ်စဉ်ထဲမှာ ပါပါတယ်။ ဒီလိုလက်မစုပ်ခြင်းဟာ ကြီးသွားမပေါက်ခင်အထိတော့ အစဉ်ပြေပါတယ်။ ကြီးသွားပေါက်ချိန်ထိ လက်မစုပ်ခြင်းက သွားတွေမညီတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ စကားပြော နောက်ကျတာ၊ သွားတွေပဲ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။
** ဖြေရှင်းနည်း **
● လက်မစုပ်ခြင်းဟာ ကြီးသွားမပေါက်ခင်အထိတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို မထိခိုက်ပါဘူး။
● လက်မ မစုပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ကလေးကိုယ်တိုင် ဆုံးဖြတ်တာပဲ ဖြစ်ရပါမယ်။ မေမေဖေဖေတို့ကတော့ ဘေးကနေကူညီပေးပေါ့။ ကလေးကို အတင်းကြီး လက်မမစုပ်ရဘူးလို့တော့ မတားဆီးပါနဲ့။ ကလေးကို ဆုပေးစနစ်နဲ့ ဆွဲဆောင်ပါ။ ကလေး လက်မစုပ်နေတယ်ဆိုရင် မစုပ်ပါနဲ့လားလို့ အေးဆေးစွာ ပြောပြပါ။ လက်မမစုပ်တော့ဘူးဆိုရင် ဘယ်လိုဆုချမယ်ဖြစ်ကြောင်း ပြောပြပါ။ ကလေးကြီးလာတဲ့အထိ လက်မစုပ်တုန်းဆိုရင်တော့ ဘာကြောင့်စုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖို့လိုပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ပူပန်တာစတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
၃။ လျှာနဲ့သွားကို တွန်းတွန်းနေခြင်း
အစာစားတဲ့အခါ လျှာနဲ့အပေါ်နှုတ်ခမ်းကို တွန်းတွန်းနေခြင်းဖြင့် သွားကို ရှေ့ကိုငေါထွက်စေနိုင်ပါတယ်။ လက်မစုပ်သလိုပဲပေါ့။ စကားပြောတာကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။
** ဖြေရှင်းနည်း **
● ဘာသာစကားပြော ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဝါးတဲ့ကြွက်သားတွေကို သန်မာစေပြီး နောက်ဝါးနည်းတစ်မျိုးကို ပြောင်းလဲဖို့ကြိုးစားရမှာပါ။
Biogesic for kids IA 2
၄။ စောစောစီးစီး သွားကျိုးခြင်း
ကလေးတွေမှာ စောစောစီးစီး သွားကျိုးတယ်ဆိုတာ သွားပိုးစားတာ၊ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ပါးစပ်ထဲမှာ သွားမဆန့်တော့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ စောစောစီးစီး သွားကျိုးတဲ့အခါ ဘေးကသွားတွေ ယိုင်လာပြီးတော့ သွားအသစ်ထွက်ဖို့ နေရာမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ သွားအသစ်ထွက်လာတဲ့အခါ နေရာမရှိတော့တာကြောင့် စောင်းနေတာ၊ လဲတာ၊ ထပ်တာတွေ ဖြစ်လာတော့တာပေါ့။ ဒီလို သွားမညီတာဟာ စကားပြောတဲ့ပြဿနာအပြင်၊ ဝါးတာနဲ့ မေးရိုးပြဿနာတွေကိုပါ ပေးနိုင်ပါတယ်။
** ဖြေရှင်းနည်း **
● ဆရာဝန်ဆီ ခေါ်သွားပြီး သွားနေရာထိန်းဖို့ လုပ်ရပါမယ်။ ပလတ်စတစ် သို့မဟုတ် သတ္တုနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းလေးကို သွားကျိုးတဲ့နေရာမှာ အထိန်းသဘောလေး ထည့်ထားပြီး သွားအသစ် ပေါက်လာတာနဲ့ ဆရာဝန်က ပြန်ထုတ်လိုက်မှာပါ။
၅။ သွားကြိတ်ခြင်း
သွားကြိတ်တာဟာ ကလေးငယ်လေးတွေမှာ အတွေ့များတဲ့ပြဿနာပါ။ သူတို့လေးတွေဟာ သွားထွက်လာချိန်မှာ နေရထိုင်ရခက်တာမို့ ကြိတ်တတ်ကြပါတယ်။ သွား လုံးဝကြီးထွက်ပြီးချိန်မှာတော့ ဒီအကျင့် ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တချို့တွေမှာတော့ ဒီအကျင့်ကြီး စွဲသွားပြီး သွားကြွေလွှာတွေ ပျက်စီးတတ်ပါတယ်။ သွားပိုးစားတာတို့၊ သွားကျဉ်တာတို့ ဖြစ်တတ်ပါတယ်။
** ဖြေရှင်းနည်း **
● ကလေးမှာ သွားကြိတ်တတ်တဲ့အကျင့်ရှိနေရင် ညအိပ်ချိန်မှာ သွားထိန်းတပ်ပေးဖို့ လိုပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအကျင့်ကြီး ပျောက်သွားပါလိမ့်မယ်။
၆။ သွားနဲ့ခံတွင်း မသန့်ရှင်းခြင်းကြောင့် သွားဝါခြင်း
ကလေးအများစုမှာ ကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါ။ ကလေးသွားတစ်ခုလုံး ဝါနေတာ၊ အဝါကွက်တွေ ဖြစ်နေတာတွေ တွေ့ရတတ်ပါတယ်။ အစာစားပြီး သွား ကောင်းကောင်း မတိုက်တာ၊ သန့်ရှင်းရေး ကောင်းကောင်းမလုပ်တာကြောင့်ပါ။
** ဖြေရှင်းနည်း **
သွားပွတ်တံ ကောင်းကောင်းဝယ်ပေးပြီး မှန်ကန်တဲ့သွားတိုက်နည်းကို သင်ပေးပါ။ တစ်နေ့နှစ်ကြိမ် သွားတိုက်စေပါ။
ကလေးတွေဟာ အသစ်တွေကို လေ့လာဖို့ အင်မတန် စိတ်ဝင်စားပါတယ်။ ဒီလို ကလေးဘဝမှာ သင်ကြားပေးထားတဲ့ အလေ့အကျင့်တွေဟာ ကြီးတဲ့အထိကို စွဲမြဲနေတတ်ပါတယ်။ ကလေးကို သွားဆရာဝန်နဲ့လည်း မှန်မှန်ပြသပေးဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















