/
news/ကလေးများနှင့်ကျန်းမာရေး/အသက်-၂-၃-နှစ်အရွယ်-ကလေးတွေအတွက်-အစားအသောက်ကျွေးနည်း-လမ်းညွှန်မှု

အသက် ၂ - ၃ နှစ်အရွယ် ကလေးတွေအတွက် အစားအသောက်ကျွေးနည်း လမ်းညွှန်မှု

Category
ကလေးများနှင့်ကျန်းမာရေး

အသက် ၂-၃ နှစ်အရွယ် ရောက်ပြီဆိုရင် ကလေးလေးတွေက တဖြည်းဖြည်းနဲ့ လမ်းကောင်းကောင်း လျှောက်တတ်လာပြီး တချို့ဆိုရင် ပြေးပါပြေးနိုင်ကြပါတယ်။ ဒီအသက်အရွယ် ကလေးငယ်တွေကို အစားအသောက် ကျွေးရတာဟာ မေမေတို့အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ပါ။

>>  ဒီအရွယ်ကလေးတွေကို အစားအသောက်ကျွေးရတာ ဘာ့ကြောင့်ခက်ခဲရတာလဲ?
ဒီအသက်အရွယ်ဟာ ကြီးထွားဖွံ့ဖြိုးမှုတွေ ပြောင်းလဲလာတဲ့ အသက်အရွယ်ပါ။ ကြီးထွားမှုနှုန်းဟာ ငယ်ငယ်ကနဲ့ယှဉ်ရင် နှေးလာလို့ အစာစားချင်စိတ်လည်း လျော့နည်းလာပါလိမ့်မယ်။ ဒါ့အပြင် ဒီအရွယ်ကလေးတွေဟာ အချုပ်အချယ်ကို မကြိုက်ကြပါဘူး။ လွတ်လွတ်လပ်လပ်ပဲ နေချင်ကြပါတယ်။ ဒီလိုအချက်တွေကြောင့် အစားအသောက်ကျွေးရတာ ခက်ခဲရတာပါ။

Nutrilin IA 1

ဒီအရွယ်ကလေးတွေမှာ လုံလောက်တဲ့အာဟာရ ရဖို့အတွက်ဆိုရင် မိဘတွေဘက်က သေချာကျွေးဖို့ လိုအပ်ပါလိမ့်မယ်။

အစာမစားချင်တဲ့ကလေးကို အစားအသောက်ကျွေးရတာ လွယ်ကူစေမယ့် နည်းလမ်းတချို့ကတော့ -
●  ကလေးနဲ့အပြိုင် မစားမချင်း အတင်းကျွေးတာမျိုးကို ရှောင်ပါ။
●  ထမင်းစားချိန်နဲ့ သရေစာစားချိန်ကို ပုံမှန် သတ်မှတ်ပေးပါ။
●  ကလေးတွေဟာ တစ်ခါတလေမှာ အစားအသောက်အသစ်တွေစားဖို့ စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးမစားရင် အတင်းမကျွေးဘဲ နောက်တစ်ပတ်လောက်အကြာမှာမှ ထပ်ကျွေးကြည့်ပါ။
●  လူကြီးတွေစားတဲ့ပမာဏရဲ့ လေးပုံတစ်ပုံလောက်ပဲ ကလေးကို ကျွေးပါ။
●  အသီးဖျော်ရည်တွေ အများကြီးတိုက်မယ့်အစား အသီးတွေကိုသာ များများစားခိုင်းပါ။
●  ထမင်းကုန်အောင်စားရင် အချိုပွဲပေးမယ်ဆိုပြီး အကျင့်မလုပ်ပေးပါနဲ့။ သရေစာစားချိန် ရောက်မှသာ အချိုပွဲကို ကျွေးပါ။
●  ကလေးတွေ လွယ်လွယ်ကူကူ စားနိုင်အောင်လို့ အစာပျော့ပျော့နဲ့စိုစိုလေးတွေကို တစ်လုပ်စာလေးတွေလုပ်ပြီး မပူလွန်း၊ မအေးလွန်းတဲ့အပူချိန်မှာ ကျွေးပါ။ အသားတွေကျွေးရင်လည်း အဖတ်လိုက်ကျွေးမယ့်အစား ကြိတ်ချေပြီးကျွေးပါ။

Nutrilin IA 2

>>  ကလေးတွေ အစာသီးတာကို ကာကွယ်ဖို့အတွက် ဘယ်လိုကျွေးကြမလဲ?
●  တစ်လုပ်စားတဲ့ပမာဏကို နည်းနည်းချင်းပဲကျွေးပါ။
●  ဝါးရခက်တဲ့ မျိုချရခက်တဲ့ အခွံမာသီး၊ မုန်လာဥနီအစိမ်း၊ စပျစ်သီး စတာတွေ မကျွေးပါနဲ့။ ကျွေးမယ်ဆိုရင်လည်း စပျစ်သီးကို အစိတ်သေးသေးလေးတွေစိတ်ပြီးမှ ကျွေးပါ။ မုန်လာဥနီကိုလည်း နူးညံ့တဲ့အထိ ချက်ပြုတ်ပြီးမှ ကျွေးပါ။
●  ကလေးစားနေတဲ့အချိန်မှာ ဘေးနားကနေ စောင့်ကြည့်ပေးပါ။ တစ်ယောက်တည်း လွှတ်မထားပါနဲ့။
●  အစာစားချိန်မှာ အမြဲတမ်း ထိုင်ပြီးတော့ စားခိုင်းပါ။

>>  ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ဘယ်လိုရွေးချယ်ကြမလဲ?
ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အစာအုပ်စုသုံးစုလုံး မျှမျှတတပါဝင်အောင် ကျွေးဖို့က အရေးကြီးပါတယ်။ အစာအုပ်စုသုံးစုဆိုတာက -
●  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့ အစားအသောက်များ (ဥပမာ - အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး)
●  ရောဂါကာကွယ်စေတဲ့ အစားအသောက်များ (ဥပမာ - ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ)
●  အင်အားဖြစ်စေတဲ့ အစားအသောက်များ(ဥပမာ - ဆန် ဂျုံ ၊ ပြောင်း) စတာတွေပဲ ဖြစ်ပါတယ်။

ဒီအသက်အရွယ်ကလေးတွေမှာ ကျန်းမာဖို့ဆိုရင် အစားသေချာဝင်အောင် ကျွေးဖို့က အရေးကြီးပါတယ်။ အာဟာရပြည့်ဝဖို့က အရေးကြီးသလို ကိုယ်လက်လှုပ်ရှားမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။ တီဗွီ၊ ဗွီဒီယိုနဲ့ ကွန်ပျူတာတွေကြည့်ချိန်ကို တစ်နေ့ နှစ်နာရီအောက်ပဲ ထားပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)