အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်မျှတစေဖို့
• မနက်စာက နေ့တစ်နေ့မှာ အရေးကြီးဆုံးဖြစ်တဲ့အတွက် ကလေးကို မနက်စာကျေွးဖြစ်အောင်ကျေွးပါ။ မနက်စာမှာလည်း ကောက်ပဲသီးနှံ၊ နို့နှင့် နို့ထွက်ပစ္စည်း၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေပါအောင်ကျေွးပါ။
• တစ်ခါတည်းနဲ့အများကြီးကျေွးမယ့်အစား နည်းနည်းနဲ့ အချိန်ခွဲပြီးကျေွးပါ။ ပုံမှန်ကျေွးပါ။
• ကလေးကို သက်တောင့်သက်သာအနေအထားနဲ့အစားအစာကျေွးခြင်းက ကလေးကိုပိုပြီး ကောင်းကောင်း စားစေပါတယ်။
• ကလေးကို အစာစားနေတုန်း တီဗွီကြည့်တဲ့အကျင့်မလုပ်ပါနဲ့။ ကလေးအများစုက တီဗွီကြည့်ရင်းစားတဲ့အခါ အစာတွေအများကြီးစားမိနိုင်ပါတယ်။
• ကလေးကို အဆာမလွန်ပါစေနဲ့။ အဆာလွန်ပြီးမှ ကျေွးတဲ့အခါမှာ အလွန်အကျွံစားမိစေပြီး ကလေးအဝလွန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။
• အစားအစာကို ဆုပေးဒဏ်ပေးအနေနဲ့ မသုံးပါနဲ့့။
• ကလေးတွေရဲ့အကြိုက်က မကြာခဏပြောင်းလဲနေတတ်ပါတယ်။ ဒီနေ့မှာ ဒါကိုကြိုက်ပေမယ့် မနက်ဖြန်ဒါကို ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ကလေးမကြိုက်တဲ့အရာကို အတင်းမကျေွးပါနဲ့။
• ကလေးကို ကျန်မိသားစုဝင်တွေစားတဲ့အစားအစာပဲ ကျေွးပါ။ အရမ်းစပ်လွန်းတာဆိုရင်တော့ မကျေွးပါနဲ့။ ချေးများတဲ့ကလေးအတွက် သူကြိုက်တတ်တဲ့အစာလေးတစ်ခုခု ထပ်ပြီးပြင်ဆင်ကျေွးနိုင်ပါတယ်။
• ကလေးအစားအစာထဲမှာ ဆားနဲ့သကြားတွေ လျှော့ထည့်ပါ။
• သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့ဂျုံတွေနဲ့လုပ်ထားတဲ့အသင့်စားအစာအစားတွေက ကလေးကို အထောက်အကူမဖြစ်စေပါဘူး။
• ကျန်းမာရေးနဲ့ညီညွတ်တဲ့ မလိုင်ထုတ်ထားသောနို့၊ အုန်းရည်၊ လတ်ဆတ်တဲ့အသီးဖျော်ရည်စတာတွေကို အစာနဲ့တွဲတိုက်ပါ။
• ကလေးနဲ့အတူ မိခင်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပေးပါ။
ဒီအချက်တွေက ကလေးကို ကောင်းကောင်းစား၊ ကောင်းကောင်းကစားစေပြီး ကျန်းမာစေဖို့အထောက်အကူပြုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေက ကလေး ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။
Dr. Mya Myo Myo Swe ( www.drmyanmar.com)
















