အိမ်မှာ အိပ်နေရင်းရင်း လမ်းထလျှောက်တတ်တဲ့သူ ရှိပါသလား
အိပ်ပျော်နေရင်းသား လမ်းထလျှောက်တယ်ဆိုတာကို ကြုံဖူး ကြားဖူးကြမှာပါ။ ဒီအကျင့်က အသက် ၄ နှစ်နဲ့ ၈ နှစ်ကြား အရွယ်ကလေးတွေမှာ အဖြစ်များပြီးတော့ ဒီထက်ကြီးသွားရင်တော့ အကျင့်ပျောက်သွားတတ်ပါတယ်။
အိပ်ပျော်နေရင်း လမ်းလျှောက်တာက ကျန်းမာတဲ့ကလေးတွေမှာလည်း ဖြစ်တတ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ မဆိုင်ပါဘူး။
ကိုယ့်ကလေးက အိပ်ပျော်ရင်း လမ်းထလျှောက်တတ်တယ် ဆိုရင်တော့ အိမ်ကို လုံခြုံစိတ်ချပြီးတော့ အန္တရာယ်ကင်းကင်းဖြစ်အောင် ထားဖို့လိုပါတယ်။
>> အိပ်ပျော်တုန်း လမ်းထလျှောက်တဲ့လက္ခဏာများ
ဒီအကျင့်ရှိတဲ့ ကလေးတွေက အိပ်ပျော်နေတုန်းမှာ အိပ်ရာကနေ ထပြီးတော့ အခန်းထဲ (သို့) အိမ်ထဲမှာ လမ်းထလျှောက်နေတတ်ပါတယ်။ ကလေးငယ်လေးတွေကတော့ မိဘတွေဆီ (သို့) အလင်းရောင်ရတဲ့ဆီကို လျှောက်တတ်ပါတယ်။ အရမ်းငယ်တဲ့ကလေးတွေကတော့ သူတို့ပုခက် ဝန်းကျင်မှာ ပတ်သွားနေတတ်ပါတယ်။ တစ်ခါတလေမှာဆိုရင် ကလေးတွေက အိမ်ကနေထွက်ပြီး အပြင်ဘက်မှာ လျှောက်တာမျိုးတောင် ရှိတတ်ပါတယ်။
ကလေးက အိပ်ပျော်နေပေမယ့်လည်း အဝတ်လဲတာ၊ ပရိဘောဂတွေ ရွှေ့တာလိုမျိုး အလုပ်လေးတွေကို လုပ်နိုင်ပါတယ်။ တချို့ကျတော့ ဗီဒို၊ ကြမ်းပြင်စတဲ့ နေရာတွေ သေးပေါက်ချတတ်ပါတယ်။
ဒီအချိန်မှာ ကလေး မျက်လုံးက ပွင့်နေပေမယ့်လည်း ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဒီအချိန်မှာ အဖေ၊ အမေတွေကိုလည်း မြင်မှာ သိမှာ မဟုတ်ပါဘူး။ တစ်ခါတလေကျတော့လည်း လမ်းလျှောက်နေတဲ့အချိန်မှာ စိတ်တိုနေတတ်ပါတယ်။ ဒီအဖြစ်အပျက်ကို မနက်ကျ ပြန်မေးကြည့်ရင် မှတ်မိမှာ မဟုတ်ပါဘူး။
>> ဘာလို့ အိပ်ပျော်နေရင်း လမ်းထလျှောက်ရတာလဲ?
အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့ ကလေးတွေက တကယ်တော့ အိပ်ပျော်တာနဲ့ နိုးတာနဲ့ကြားမှာ ရောက်နေတာပါ။ အိပ်ပျော်ပြီး နာရီနည်းနည်းကြာတဲ့အခါမှာ ကလေးက အရမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့်ကနေပြီးတော့ နည်းနည်းလေး လျော့လာပါတယ်။ သူတို့က အိပ်ရာကထ မျက်စိဖွင့် လမ်းလျှောက်ဖို့ရာ နိုးနေပေမယ့်လည်း သူတို့နဲ့ တစ်ခုခုက ဆက်သွယ်မယ်ဆိုရင် ပြန်ပြောနိုင်လောက်အောင်တော့လည်း မနိုးပါဘူး။
နေမကောင်းတဲ့အချိန်၊ ဖျားတဲ့အချိန်တွေနဲ့ ကလေးက တစ်ခုခုကို အရမ်းစိုးရိမ်နေတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်။ ကလေးက အရမ်းပင်ပန်းနေရင်လည်း အိပ်ပျော်နေတုန်း လမ်းထလျှောက်နိုင်ချေ ပိုများပါတယ်။
>> အိပ်ရင်းသား လမ်းလျှောက်တတ်တဲ့သူတွေကို ဘယ်လိုဂရုစိုက်ကြမလဲ?
အိပ်ရင်းသား လမ်းထလျှောက်တာက ရေရှည်ဆိုးကျိုး မရှိပါဘူး။ ကလေးကြီးလာရင် သူ့ဟာသူ ပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် ကလေး ထပြီး လမ်းလျှောက်တဲ့အချိန်မှာပဲ အန္တရာယ်ကင်းအောင် ဂရုစိုက်ပေးပါ။
● အိပ်ရင်း လမ်းလျှောက်နေချိန်မှာ ကလေးကို နှိုးလိုက်တာ၊ ထိုင်ခိုင်းတာတွေ မလုပ်ပါနဲ့။ လမ်းလျှောက်ပြီးသွားချိန်မှာ ညင်ညင်သာသာနဲ့ သူ့အိပ်ရာဆီ ပြန်ရောက်အောင် ပို့ပေးပါ။
● ကလေး အရမ်းပင်ပန်းနွမ်းနယ်တာတွေ မရှိအောင် အိပ်ချိန်မှန်မှန် အိပ်ခိုင်းပါ။
● အိမ်ကို အန္တရာယ်ကင်းအောင် ထားပါ။ တံခါးတွေ၊ ပြတင်းပေါက်တွေကို သော့ခတ်၊ ချက်ချထားပါ။ ကလေး တက်နင်းနိုင်တဲ့အရာတွေကို ဖယ်ထားပါ။
● နှစ်ထပ်ခုတင်ဆိုရင် ကလေးကို အပေါ်ထပ်မှာ မအိပ်ခိုင်းပါနဲ့။
● နောက်နေ့မှာ အိပ်ရင်း လမ်းထလျှောက်တာနဲ့ ပတ်သက်ပြီး လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့။ ကလေးက စိတ်အနှောင့်အယှက်ဖြစ်ပြီးတော့ အိပ်ရာဝင်ရမှာကို စိုးရွံ့သွားပါလိမ့်မယ်။
ကလေးက ဆရာတွေ၊ သူငယ်ချင်းတွေနဲ့ ညအိပ်ညနေ ခရီးတွေသွားမယ်ဆိုရင် စောင့်ရှောက်ပေးမယ့်သူတွေကို ကလေးက အိပ်ရင်း လမ်းလျှောက်တတ်တဲ့အကျင့်ရှိကြောင်း ပြောပြပြီး ဂရုစိုက်ပေးဖို့ ပြောပါ။ ခရီးမထွက်ခင်မှာ ကလေးကို အိပ်ရေးဝဝ အိပ်ပါစေ။
>> ဆရာဝန်ပြဖို့ လိုသလား?
အောက်ပါအချက်တွေရှိရင်တော့ ဆရာဝန်နဲ့ပြသပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။
● အိပ်ရင်းသား လမ်းထလျှောက်တဲ့အကျင့်ကြောင့် တခြားအိပ်သားတွေ အိပ်တာကို အနှောင့်အယှက်ဖြစ်စေတာ။
● နေ့ဘက်တွေမှာ အရမ်းအိပ်တာ
● ကလေးရဲ့ အိပ်တဲ့အကျင့်တွေ ပုံမမှန်တာ
● တစ်ညကို ၂ ကြိမ်ထက် ပိုပြီး အိပ်ရင်း လမ်းထလျှောက်တာ
● အိပ်ရင်း လမ်းထလျှောက်တာနဲ့အတူ အကျယ်ကြီး ဟောက်တာတွေ ရှိရင်
● လမ်းထလျှောက်ရင်းသား အိပ်ရာထဲ (သို့) ဒီအတိုင်း သေးပေါက်ချတာ
>> အဓိက သိထားသင့်တဲ့အချက်တွေ -
● အိပ်ရင်း လမ်းထလျှောက်တာက အဖြစ်များပြီးတော့ ကလေးအများစုက ကြီးလာရင် အကျင့်ပျောက်သွားတတ်ပါတယ်။
● အိမ်ကို အန္တရာယ်ကင်းအောင် ထားပါ။
● အိပ်ရင်း လမ်းထလျှောက်တဲ့အချိန်မှာ ကလေးက ဘာမှသိမှာ မဟုတ်သလို နောက်နေ့မနက်မှာလည်း ဘာမှမှတ်မိမှာ မဟုတ်ပါဘူး။
● ကလေးကို ပုံမှန်အိပ်စေပြီးတော့ အိပ်ရေးဝဝ အိပ်ပါစေ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















