Fructose လို့ခေါ်တဲ့ သကြားဓာတ်တစ်မျိုးက ကလေးရဲ့အစာအိမ်ကို ပြဿနာဖြစ်စေနိုင်ပါသလား
ကလေးက ဗိုက်ကယ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ရစ်ပြီးနာခြင်း၊ အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ဗိုက်ပြဿနာတွေကိုခံစားနေရရင် အူလမ်းကြောင်းကိုဒုက္ခပေးတဲ့ရောဂါလက္ခဏာစု၊ lactose နဲ့ဓာတ်မတည့်ခြင်း၊ Chron’s disease စတာတွေကြောင့် အဖြစ်များပါတယ်။
အစာအိမ်နာတာအောင့်တာတွေက အစားအစာ၊ ဖျော်ရည်တွေကိုချိုအောင်ထည့်လုပ်ထားတဲ့ fructose ဆိုတဲ့သကြားဓာတ်တစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Fructose က သစ်သီးအများစုနဲ့ ဟင်းသီးဟင်းရွက်အချို့မှာ သဘာဝအတိုင်းပါဝင်တဲ့အပြင် သကြားလုံး၊ ဖျော်ရည်၊ ဆိုဒါကဲ့သို့သော ပြုပြင်ထားတဲ့ အစားအစာအများအပြားထဲမှာလည်းတွေ့ရတဲ့ အတွက် ရှောင်ဖို့ခက်ခဲပါတယ်။
အစားအစာတွေထဲမှာပါတဲ့ Fructose နဲ့မတည့်တဲ့ရောဂါက အူက Fructose ကိုကောင်းကောင်းမစုပ်ယူနိုင်လို့ဖြစ်တဲ့ မျိုးရိုးဗီဇအရ ဇီဝကမ္မပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီရောဂါကို အခြားအစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေနဲ့မှားနိုင်ပါတယ်။
ရောဂါဖော်ထုတ်ခြင်း
Fructose ကို အူနံရံမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတစ်မျိုးကနေတစ်ဆင့် စုပ်ယူပါတယ်။ ဒီပစ္စည်းချို့တဲ့သူတွေမှာ Fructose စုပ်ယူသင့်တာထက် နည်းနည်းပဲစုပ်ယူနိုင်ပါတယ်။ ဒီလိုလူမျိုးတွေက Fructose အများကြီးပါတဲ့ အစားအစာတွေစားမိရင် အူထဲမှာ Fructose တွေများများကျန်နေပါတယ်။ ဒီ Fructose တွေကို အူထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးလေးတွေက အချဉ်ဖောက်လိုက်ပြီး လေထခြင်း၊ ဗိုက်ကယ်ခြင်းကဲ့သို့သော ဝမ်းပျော့တဲ့လက္ခဏာတွေကိုဖြစ်စေပါတယ်။
တစ်ခါတစ်ရံမှာ Celiac ရောဂါကဲ့သို့သော အူရဲ့အတွင်းနံရံကိုထိခိုက်တဲ့ ရောဂါရဲ့အကျိုးဆက်အနေနဲ့ Fructose ပို့ဆောင်မှုလျော့နည်းတတ်ပါတယ်။
Fructose နဲ့ဓာတ်မတဲ့တဲ့ လက္ခဏာတွေပြနေတဲ့ ကလေးတစ်ယောက်ကို ရောဂါအကြောင်းသေချာမေး ဖို့နဲ့ နေ့စဉ်အစားအစာတွေထဲမှာ fructose ဓာတ်ဘယ်လောက်ပါလဲဆိုတာကို ဆန်းစစ်ဖို့အရေးကြီးပါတယ်။ Fructose breath test လုပ်ခြင်းဖြင့် ရောဂါဖော်ထုတ်နိုင်ပါတယ်။ ဒါကတော့ Fructose ကျေွးပြီးတော့ ရှူထုတ်လိုက်တဲ့လေထဲမှာ hydrogen ဘယ်လောက်တက်လာလဲဆိုတာကို စစ်ဆေးတာပါ။
ကလေးမှာ ဒီရောဂါရှိရင်တော့ ကလေးနေ့စဉ်စားနေတဲ့အစားအစာတွေမှာ Fructose ပါဝင်တဲ့ အစားအစာတွေကို ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာကို ကလေးဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆုံးဖြတ်ဖို့အရေးကြီးပါတယ်။ Fructose ပါဝင်မှုများတဲ့အစားအစာတွေကိုဖြတ်ထားပြီး နောက်မှကလေးက Fructose ကိုဘယ်လောက်ခံနိုင်ရည်ရှိလဲသိစေဖို့ ဖြည်းဖြည်းချင်းပြန်ကျေွးကြည့်ပါ။
Glucose က Fructose စုပ်ယူမှုကိုကူညီပေးပြီး ရောဂါလက္ခဏာတွေကို သက်သာစေတဲ့အတွက် ဂလူးကို့စ်ပါဝင်မှုများတဲ့ အစားအစာတွေကို ပိုပြီးလက်ခံနိုင်ကြပါတယ်။ ဒါကြောင့် Fructose ပါဝင်တဲ့ အစားအစာတွေကို ဂလူးကို့စ်နဲ့အတူတွဲစားခြင်းက ကူညီနိုင်ပါလိမ့်မယ်။
အစားအသောက်တွေမှာ Fructose ၊ Sorbitol စတာတွေပါရင် ရှောင်ကြဉ်ပါ။ သစ်သီး၊ သစ်သီးဖျော်ရည်၊ သကြား၊ ဆိုဒါ၊ အားဖြည့်အချိုရည်၊ အချိုထည့်ထားသောနို့၊ ပျားရည်တွေကိုလည်း ကလေးကို မကျေွးပါနဲ့ဦး။ နောက်မှဖြည်းဖြည်းခြင်းကျေွးပြီး လက်ခံမခံစမ်းသပ်ကြည့်ပါ။
Dr. Mya Myo Myo Swe
















