Online Class တွေ တက်တဲ့အခါ သားသားမီးမီးတို့ သင်ခန်းစာတွေကို ပိုမိုအာရုံစူးစိုက်နိုင်စေဖို့ ...
နေထိုင်မှုပုံစံအသစ်ကို လက်ခံကျင့်သုံးလာကြတဲ့ ဒီနေ့ခေတ်ကြီးမှာ သင်ကြားရေးစနစ်မှာလည်း ကလေးတွေအတွက် အွန်လိုင်းသင်ကြားရေးစနစ်လိုမျိုး အပြောင်းအလဲလေးတွေ ရှိလာပါတယ်။ အွန်လိုင်းသင်ကြားရေးစနစ်တွေ ခေတ်စားလာတာနဲ့အမျှ မိဘတွေကလည်း မိမိတို့ကလေးတွေကို အွန်လိုင်းသင်တန်းတွေထားဖို့ စိတ်အားထက်သန်နေကြပါတယ်။
အွန်လိုင်းသင်ကြားရေးစနစ်ဟာ အကျိုးကျေးဇူးများစွာရှိသလို တစ်ဖက်ကကြည့်ပြန်ရင်လည်း ကလေးတွေအတွက် သင်ခန်းစာထဲမှာ အာရုံစိုက်ဖို့ခက်ခဲတာမျိုး ရှိနိုင်ပါတယ်။ သားသားမီးမီးတို့ အွန်လိုင်းသင်ခန်းစာတွေထဲမှာ အာရုံမစိုက်နိုင်တဲ့အကြောင်းရင်းတွေထဲက တချို့ကို ဖော်ပြရရင်တော့ -
● ကလေးရဲ့ပင်ကိုယ်သဘာဝကိုက အာရုံစိုက်နိုင်ချိန် တိုတောင်းလို့ပါ။ အသက် (၄) နှစ် မှ (၆) နှစ် ကလေးတစ်ယောက်ဟာ ဘယ်အရာကိုမဆို (၈-၁၈) မိနစ်ထက်ပိုပြီး အာရုံစိုက်ဖို့ဆိုတာ ခဲယဉ်းပါတယ်။
● နောက်တစ်ချက်ကတော့ ကလေး စာသင်မယ့်အနားမှာ အနှောင့်အယှက်တွေ များလွန်းတာပါပဲ။ တီဗွီဖွင့်ထားတာ၊ ကလေးနားမှာ အရုပ်တွေ၊ ဂိမ်းတွေထားတာဟာ ကလေးကို ဆက်တိုက်ဆွဲဆောင်နေသလိုဖြစ်လို့ ကလေးဟာ တီဗွီကြည့်ဖို့၊ ဆော့ဖို့ကိုပဲ အာရုံရောက်သွားပြီးတော့ အွန်လိုင်းသင်ခန်းစာတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။
● ကလေးတွေဆိုတာ ပျော်စရာကောင်းပြီးတော့ အသစ်ဖြစ်တဲ့အရာတွေကိုပဲ လေ့လာချင်ကြတာပါ။ ဒါကို မေမေတို့က ကလေး လေ့လာချင်တာမဟုတ်ဘဲ မေမေတို့စိတ်ကြိုက် ရွေးချယ်ထားတဲ့သင်တန်းကို အတင်းအကြပ် တက်ခိုင်းရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
Dugro IA 1 (2022)

အွန်လိုင်းသင်ကြားရေးစနစ်မှာ သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်စေချင်တယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် မိဘနဲ့ကလေး သေချာတိုင်ပင်ပြီး ကလေးစိတ်ဝင်စားမယ့် သင်တန်းလေးတွေကို ရွေးချယ်သင်ယူစေဖို့ အရေးကြီးပါတယ်။
သင်တန်းချိန်တွေကိုလည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာသာ သင်ကြားစေပြီး ကလေးအနားမှာ အရုပ်တွေ၊ ဖုန်းတွေ မထားဖို့၊ တီဗွီမဖွင့်ထားဖို့ လိုအပ်ပါတယ်။ တစ်ချိန်နဲ့တစ်ချိန်ကြားမှာ ၅-၁၀ မိနစ်လောက် နားချိန်ထားပေးပြီးတော့ ကြိုးခုန်တာ၊ ပြေးလွှားတာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပြုလုပ်စေပါ။ စာတွေချည်းပဲ တောက်လျှောက်သင်နေရင်လည်း ကလေးတွေ ပျင်းလာနိုင်တာကြောင့် လက်တွေ့ပစ္စည်းတွေသုံးပြီး လေ့လာသင်ယူစေတာ၊ လိုအပ်ရင် ဟာသလေးတွေပြောပြီး သင်ယူစေတာက ကလေးတွေအတွက် ပိုကောင်းပါတယ်။
မိမိတို့ကလေးတွေ အွန်လိုင်းသင်ခန်းစာမှာ အာရုံစူးစိုက်နိုင်ဖို့ဆိုရင် အရေးကြီးတဲ့အရာ ရှိပါသေးတယ်။ ဒါကတော့ နေထိုင်စားသောက်မှုပုံစံပါ။ ကျန်းမာတဲ့အပြုအမူနဲ့ အစားအသောက်ဟာ ကလေးရဲ့ ဉာဏ်ရည်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ဆိုရင် -
● အသက် (၃) နှစ်မှ (၅) အရွယ်ကလေးတွေဆိုရင် တစ်နေ့မှာ ၁၀-၁၃ နာရီလောက်၊ အသက် (၆) နှစ်အထက်က တစ်နေ့မှာ (၉) နာရီ ~ (၁၂) နာရီလောက် အိပ်စက်အနားယူပေးပါ။
● နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်စေပါ။
● ဦးနှောက်စွမ်းဆောင်ရည် မြင့်တက်စေတဲ့ အစားအစာတွေ ကျွေးပေးပါ။ ကစီဓာတ်အပြင် အမျှင်ဓာတ်ပါကြွယ်ဝတဲ့ cereals နဲ့ ပဲအမျိုးမျိုး၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ Choline ကြွယ်ဝတဲ့ ကြက်ဥ၊ ဗီတာမင်နဲ့ အန်တီအောက်ဆီဒန့်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ သံဓာတ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားတွေအပြင် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများ တိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ဒါ့အပြင် အိုမီဂါသရီး ဖက်တီးအက်စစ်ကြွယ်ဝတဲ့ အဆီထူငါး၊ အစေ့အဆံနဲ့ အခွံမာသီး စတာတွေ ကျွေးပေးသင့်ပါတယ်။
Dugro IA 2 (2022)

အထူးသဖြင့် အိုမီဂါသရီး ဖက်တီးအက်စစ်တစ်မျိုးဖြစ်တဲ့ DHA ဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ကလေး (၅) နှစ်အထိဟာ ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်လို့ ဒီအချိန်မှာ DHA ကို ကလေးနေ့စဉ်စားသောက်မယ့်အထဲမှာ မဖြစ်မနေပါဝင်အောင် ကျွေးပေးဖို့ အရေးကြီးပါတယ်။ DHA ကို ဆယ်လ်မွန်, ဥအမျိုးမျိုး , အခွံမာသီးတွေ စတာတွေကနေ ရနိုင်တဲ့အပြင် ဖြည့်စွက်ထားတဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေရယ်၊ DHA ဖြည့်စွက်ထားတဲ့ အစားအစာတွေကနေတစ်ဆင့်ကလည်း DHA ကို ရနိုင်ပါတယ်။
ဒါ့ကြောင့် အခုလို အွန်လိုင်းသင်ကြားရေးစနစ်မှာ မိမိတို့ကလေးတွေ အာရုံစူးစိုက်မှုကောင်းစေဖို့အပြင် အလုံးစုံကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးဖို့အတွက် သင့်လျော်တဲ့လေ့ကျင့်သင်ကြားပေးမှု၊ မှန်ကန်တဲ့စားသောက်နေထိုင်မှု၊ ဦးနှောက်စွမ်းဆောင်မှုကို အထောက်အပံ့ပေးတဲ့ အစားအသောက်တွေအပြင် DHA နဲ့ အာဟာရဓာတ်များစွာပါဝင်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေ၊ DHA ကြွယ်ဝတဲ့အစားအသောက်တွေကို ထည့်သွင်းကျွေးမွေးပေးကြဖို့ အကြံပြုချင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















