/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမှာ-မွေးရာပါ-ချို့ယွင်းတာတွေ-ပါမလာအောင်-ဘယ်လိုကာကွယ်ရမလဲ

ကလေးမှာ မွေးရာပါ ချို့ယွင်းတာတွေ ပါမလာအောင် ဘယ်လိုကာကွယ်ရမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          မွေးရာပါချို့ယွင်းချက်တွေဟာ ကိုယ်ဝန်ပထမပိုင်းကာလ ၃ လအတွင်းမှာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ကို ဘယ်လိုပဲဂရုစိုက်စိုက် ၄% သော ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာတတ်တယ်။ ရောဂါပိုးဝင်တာ၊ ဓာတုပစ္စည်းတွေ ထိတွေ့မိတာ၊ ဆေးနဲ့အရက်တွေကြောင့်လည်း ဖြစ်တတ်တယ်။

          အဲဒါကြောင့် မွေးရာပါချို့ယွင်းမှုမရှိဘဲနဲ့ ကျန်းမာကြံ့ခိုင်တဲ့ ကလေးလေး ဖွားမြင်လာအောင်လို့ နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ပါ။

 

၁။     အရက်ဖြတ်ပေးနော်။

          ဘီယာ၊ ဝိုင် ဘယ်အရက်မျိုးကိုမဆို မဆိုင်းမတွ ဖြတ်လိုက်ပါ။ အရက်ဟာ အချင်းကနေ ကလေးဆီကို ရောက်နိုင်ပြီးတော့ Fetal alcohol spectrum syndrome ဆိုတဲ့ ကလေးဉာဏ်ရည် ချို့ယွင်းစေတဲ့ရောဂါမျိုးတွေ ဖြစ်လာနိုင်တယ်။

 

၂။     ဆေးလိပ်ဖြတ်လိုက်ပါ။

          ကိုယ်တိုင်သောက်တာပဲဖြစ်ဖြစ်၊ သူများသောက်တာ တစ်ဆင့်ရှူမိတာပဲဖြစ်ဖြစ် ဆေးလိပ်ငွေ့ကြောင့် ကလေးပေါင်မပြည့်လမစေ့တာ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာ၊ ကလေး သေဆုံးတာ၊ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်တယ်။

 

၃။     ဆေးနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုတယ်။

          တချို့ပိုးသတ်ဆေးတွေ၊ စိတ်ငြိမ်ဆေး၊ သိုင်းရွိုက်ဆေး၊ ကင်ဆာဆေး၊ သွေးကြဲဆေး၊ ဝက်ခြံဆေး၊ အမျိုးသားဟော်မုန်းဆေး၊ အတက်ကျဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ စသဖြင့် ဆေးပေါင်းများစွာဟာ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

 

၄။     မူးယစ်ဆေးတွေကို ရှောင်ရမယ်နော်။

          မူးယစ်ဆေးတွေဟာ တစ်ကိုယ်လုံးမှာ ကလေးခေါင်းသေးတာကစပြီး၊ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းတာ အလယ်၊ ကလေး သေဆုံးတာ၊ မသေဆုံးရင်တောင် မွေးရာပါဆေးစွဲတာနဲ့ တခြားဆိုးကျိုးတွေအဆုံး နောက်ဆက်တွဲတွေ အများကြီး ဖြစ်နိုင်တယ်။

 

၅။     ဘေးပတ်ဝန်းကျင်က အဆိပ်တွေကို သတိထားကြပါ။

          သုတ်ဆေးတွေ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ၊ ရေဆိုးတွေ၊ ဓာတ်ဆီ၊ တင်နာတွေ၊ ဆိုးဆေးတွေကို သတိထားပါ။ ဒါတွေက မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေနိုင်တဲ့အတွက် မပေါ့ဆသင့်ဘူးနော်။

>>    ကိုယ့်ကိုယ်ကိုရော ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ ပြောပြပါဦးမယ်။

၁။     ကလေးယူဖို့ ကြိုတင်ပြင်ဆင်ပါ။

          မွေးရာပါ ချို့ယွင်းမှုအများစုဟာ ကိုယ်ဝန်အစောပိုင်း ၃ လတာအတွင်းမှာ အဖြစ်များတာမို့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ရှောင်သင့်တာရှောင်၊ တိုင်ပင်သင့်တာတိုင်ပင်ရအောင် ဆရာဝန်နဲ့ ဆွေးနွေးတာ အကောင်းဆုံးပဲ။ ပြီးတော့ လိုအပ်ရင် အန္တရာယ်ရှိတဲ့ မျိုးရိုးဗီဇတွေ သယ်ဆောင် ထား/မထား၊ မျိုးရိုးဗီဇရောဂါတွေ ဖြစ်နိုင်ခြေ ရှိ/မရှိကို ကြိုတင်လည်း စစ်ဆေးနိုင်တယ်။

 

၂။     ဖောလစ်အက်ဆစ်သောက်ဖို့ မမေ့နဲ့ဦးနော်။

          ဒီဖောလစ်အက်ဆစ်ဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးမှာ ချို့ယွင်းမှုတွေမဖြစ်အောင် အထူးကာကွယ်ပေးတာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လလောက် ကြိုပြီး ၄၀၀ mg သောက်သင့်တယ်။ cereal မနက်စာ၊ ဟင်းနုနွယ်၊ ပဲ၊ ကညွတ်၊ လိမေ္မာ်သီးနဲ့ မြေပဲတွေမှာလည်း ပါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးသောက်လိုက်တာက အသေချာဆုံးပါပဲ။

 

၃။     အစားအသောက် သတိထားဖို့လည်း လိုသေးတယ်။

          အသား၊ ငါးတွေ၊ ကြက်ဥတွေကို သေချာကျက်အောင် ချက်စားပေးပါနော်။ ပင်လယ်စာ အစိမ်းတွေ၊ မကျက်တဲ့အသားတွေကြောင့် မာကျူရီ အဆိပ်သင့်တာ၊ Salmonella ပိုး၊ listeria ပိုး၊ shigella ပိုး၊ E.coli ပိုးတွေ ဝင်နိုင်တယ််။ အစာ အဆိပ်သင့်တာဟာ ကလေးအတွက်ရော၊ အမေအတွက်ပါ စိုးရိမ်ရတယ်။

 

၄။     ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်နေပါ။

          ကျန်းမာရေးနဲ့ ညီညွတ်ဖို့ -

(၁)      ကောင်းကောင်းစားပါ။ တစ်နေ့ကို ဟင်းသီးဟင်းရွက် ၅ ကြိမ်၊ နိ့ု ၂ ကြိမ်၊ အသား ပရိုတင်းများများ၊ ငါး တစ်ပတ် ၂ ကြိမ် စားပေးပါနော်။

(၂)     ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ အိမ်တွင်းလေ့ကျင့်ခန်း စက်ဘီးစီးတာမျိုးတွေ လုပ်နိုင်တယ်။

(၃)     ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါ။

 

          အမေရော ကလေးပါကျန်းမာဖို့ -

          နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ အဝလွန်၊ အတက်ရောဂါတွေကို ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကြိုတင်ထိန်းချုပ်ထားဖို့ အရေးကြီးတယ်နော်။

          ပြီးတော့ ရောဂါပိုးတွေ မဝင်ရအောင် ကာကွယ်ဆေးထိုးပေးပါ။

          ဂျိုက်သိုး၊ ကြောင်ကနေတစ်ဆင့် ကူးစက်တဲ့ toxoplasmosis ရောဂါ၊ cytomegalovirus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေက မွေးရာပါ ချို့ယွင်းမှုမျိုးစုံကို ဖြစ်စေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာစစ်ဆေးကြည့်ဖို့ အကြံလေးပေးပါရစေနော်။

          အရေးကြီးဆုံးကတော့ ဆရာဝန် ရက်ချိန်း သေချာပြဖို့ပါပဲနော်။

www.drmyanmar.com

(Unicode)












www.drmyanmar.com