ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာများ
ကိုယ်ဝန်ဆိပ်တက်တာဟာ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းလိုပဲ ကိုယ်ဝန်ပတ် ၂၀ ကျော်မှာ ဖြစ်တတ်ပါတယ်။ သွေးတိုးတဲ့အပြင် ဆီးထဲမှာ ပရိုတင်းတွေ ပါလာတာပါ။ ကိုယ်ဝန်ဆိပ်တက်တာကို အဓိကကုသနည်း ကတော့ ကလေးမွေးလိုက်တာပါပဲ။
>> ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများစေတဲ့ အချက်တွေကတော့ -
● သားဦးကိုယ်ဝန်ဖြစ်ခြင်း
● ယခင်က ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း
● နာတာရှည်သွေးတိုးရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ ဒါမှမဟုတ် ၂ မျိုးလုံးရှိခြင်း
● သွေးခဲနိုင်ခြေများခြင်း
● အမြွာကိုယ်ဝန်ဖြစ်နေခြင်း
● ဖန်ပြွန်သန္ဓေဆောင်ခြင်း
● မိသားစုထဲ ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း
● ဆီးချိုအမျိုးအစား ၁ (သို့) ၂ ရှိခြင်း
● အဝလွန်ခြင်း
● သွေးလေးဖက်နာရောဂါရှိခြင်း
● မိခင်အသက်ကြီးခြင်း (အသက် ၄၀ နဲ့အထက်)
စတဲ့ အချက်တွေပါပဲ။
>> ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အမေရော၊ ကလေးရောရဲ့အသက်ကို ထိခိုက်လာနိုင်ပါတယ်။
● အချင်းကို ထိခိုက်ခြင်း
● မိခင်ရဲ့ကျောက်ကပ်၊ အသည်း၊ ဦးနှောက်ကို ထိခိုက်ခြင်း
● ကလေးမှာ ပေါင်မပြည့်ခြင်း၊ လမစေ့ခြင်း၊ အသေလေးမွေးခြင်း
စတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။
>> မိခင်တိုင်းမှာတော့ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေ ရှိမနေပါဘူး။ ရှိနေခဲ့မယ်ဆိုရင် -
● ခေါင်းကိုက်ခြင်း
● အမြင်အာရုံထိခိုက်ခြင်း
● ဗိုက်နာခြင်း
● ဖောရောင်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
ဒီလို ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ကို ကာကွယ်ဖို့ ကာကွယ်နည်းရယ်လို့ အသေအချာ အခိုင်အမာ ပြောထားတာလည်း မရှိသလို ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်စစ်ဆေးနိုင်တယ် ဆိုတာလည်း မရှိပါဘူး။ ဆရာဝန်နဲ့ မှန်မှန်ပြနေမှသာ ကိုယ်ဝန်ပုံမှန် ဖြစ်နေ၊ မနေကို သိနိုင်မှာပါ။ ဆရာဝန်နဲ့ ပြတဲ့အခါ သွေးပေါင်ချိန်ပြီး ဆီးထဲ ပရိုတင်း ပါ၊ မပါ စစ်ဆေးကြည့်ပါလိမ့်မယ်။
>> ကျန်းမာတဲ့ ကိုယ်ဝန်ကိုပိုင်ဆိုင်နိုင်ဖို့ -
● ကိုယ်ဝန်ကို စောစောအပ်ပါ။ ပုံမှန် ပြသပါ။
● သွေးပေါင်ပုံမှန်ချိန်ပါ။ ဆရာဝန် ညွှန်ကြားချက်များကို သေချာလိုက်နာပါ။
● ဆား လျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်တာ စသဖြင့် နည်းလမ်းတွေနဲ့ သွေးပေါင်ကိုထိန်းဖို့ ကြိုးစားပါ။
ကိုယ်ဝန်ဆောင်ချိန် ရောဂါများ ကင်းဝေးပြီး ကျန်းမာစွာ မွေးဖွားနိုင်ကြပါစေ။
Dr. Mya Phoo Ngon (www.drmyanmar.com)