/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ရေကျောက်ပေါက်ရင်-ဘယ်လိုကုကြမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်ရင် ဘယ်လိုကုကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်ရင် မိခင်ရော ကလေးမှာပါ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်တဲ့အတွက် ကိုယ့်ရဲ့ဆရာဝန်၊ သားဖွားဆရာမကို ချက်ချင်းသွားပြဖို့ လိုပါတယ်။ ကုထုံးတွေကတော့ ရောဂါလက္ခဏာနဲ့ ကိုယ်ဝန်ဆောင်အဆင့်အပေါ်မှာ မူတည်ပါတယ်။

 

>>    ဗိုင်းရပ်စ်ပိုးသတ်ဆေး

        ရေကျောက်အစက်လေးတွေ ပေါက်လာပြီး ၂၄ နာရီအတွင်းမှာ acyclovir လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။ ဒီဆေးက ရေကျောက်ကို ပျောက်အောင် မကုနိုင်ပေမယ့် ကိုယ်ပူတာလိုမျိုး လက္ခဏာတွေကို သိပ်မပြင်းထန်စေတဲ့အပြင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်လည်း ကူညီနိုင်ပါတယ်။

          ဒီဆေးကိုတော့ ကိုယ်ဝန်ဆောင် အပတ် ၂၀ ကျော်မှပေးဖို့ အကြံပြုထားပေမယ့်လည်း တစ်ခါတလေမှာတော့ ကိုယ်ဝန်အပတ် ၂၀ မကျော်လည်း ပေးတတ်ပါတယ်။

 

>>    ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း

          ရောဂါလက္ခဏာတွေ သက်သာစေဖို့အတွက် ဒီအချက်တွေ လိုက်နာနိုင်ပါတယ်။

●        အရည်များများ သောက်ပါ။

●        ကိုယ်ပူကျစေဖို့နဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက် ပါရာစီတမော သောက်ပါ။

●        ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်လို့ရတဲ့ အေးစေတဲ့ခရင်မ်တွေ၊ gel တွေ လိမ်းပေးပါ။

 

>>    ဆေးရုံသွားဖို့ လိုသလား?

          ကိုယ်ဝန်ဆောင်မှာ ရေကျောက်ပေါက်ပြီးတော့ အောက်ပါလက္ခဏာတွေ ဖြစ်လာရင် ဆေးရုံတက်ဖို့ လိုပါတယ်။

●        ရင်ဘတ်နှင့် အသက်ရှူပြဿနာများ

●        ခေါင်းကိုက်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ အန်ခြင်း၊ နေမကောင်းခြင်း

●        မွေးလမ်းကြောင်းက သွေးဆင်းခြင်း

●        အရေပြားပေါ်က အစက်အကွက်ကနေပြီးတော့ သွေးထွက်ခြင်း

●        ပြင်းထန်တဲ့ အစက်တွေထွက်ခြင်း

          ဒါတွေက ရေကျောက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီးတော့ အထူးဂရုစိုက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။

 

>>    ကလေးကိုရော ကုသဖို့လိုလား?

          ကိုယ်ဝန်ဆောင်မိခင်မှာ ရေကျောက်ဖြစ်ပြီ ဆိုရင်တော့ သားအိမ်ထဲက သနေ္ဓသားလေးကို မကူးအောင် ကာကွယ်နိုင်တဲ့နည်းလမ်း မရှိပါဘူး။

          အောက်ပါအခြေအနေတွေမှာ ဆိုရင်တော့ ကလေးမွေးပြီးတဲ့အခါမှာ ကလေးကို ရေကျောက် antibodies ပေးဖို့ ဆရာဝန်က စဉ်းစားပါလိမ့်မယ်။

●        မိခင်မှာ ရေကျောက်အစက်တွေ ထွက်လာပြီး ၇ ရက်အတွင်း ကလေးမွေးရင်

●        ကလေးမွေးပြီး ၇ ရက်အတွင်း အမေမှာ ရေကျောက်ပေါက်ရင်

●        ကလေးတွေမှာ ခုခံအားမရသေးတဲ့ မွေးပြီးစ ၇ ရက်အတွင်း ရေကျောက်ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုရှိရင်

          မွေးကင်းစ ကလေးငယ်တွေမှာ ရေကျောက်ပေါက်ရင်လည်း ဗိုင်းရပ်စ်ပိုးသတ်ဆေးနဲ့ ကုသလို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)