ကိုယ်ဝန်ဆောင်ချိန် ပျို့အန်မှုဖြစ်ပေါ်ခြင်းသည် သနေ္ဓသားအတွက် ကောင်းကျိုးများစေသည်
နံနက်ခင်းပိုင်းတွင် ကိုယ်ဝန်ဆောင်တို့ မူးဝေပျို့အန်တတ်ခြင်း (Morning Sickness) သည် အမှန်စစ်စစ် သနေ္ဓသားအတွက် ပိုမိုကောင်းကျိုးရရှိစေပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေနှင့် မွေးရာပါ ကိုယ်အင်္ဂါချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင်ခြေလျော့ကျသွားကြောင်း တိုရန်းတိုး (Toronto) မြို့ရှိ ကလေးရောဂါကုဆေးရုံတွင် သုတေသနပြုလေ့လာချက်များအရ တွေ့ရှိရသည်။
အဆိုပါသုတေသနကို နှစ်ပေါင်း 20 ကြာပြုလုပ်ခဲ့ပြီး နိုင်ငံငါးနိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး 850,000 (ရှစ်သိန်းငါးသောင်း) ပါဝင်ခဲ့သည်။ မူးဝေပျို့အန်ခြင်းသည် ကိုယ်ဝန်ဆောင် (85) ရာခိုင်နှုန်းတွင်ဖြစ်ပေါ်တတ်ပြီး ပျို့အန်ခြင်းသည် gonadotropin အမည်ရှိ ဟော်မုန်းဓာတ်ကြောင့်ဖြစ်ပေါ် ရသည်ဟု ယူဆကြသည်။ လေ့လာချက်အရ နံနက်ခင်းပိုင်းကိုယ်ဝန်ဆောင်ပျို့အန်ခြင်း ဖြစ်ပေါ်လေ့ရှိသော မိခင်များသည် ပေါင်ပြည့်လစေ့ကျန်းမာ သန်စွမ်းသောကလေးများ မွေးဖွားနိုင်ခြေပိုမိုများပြားပြီး အဆိုပါမိခင်များတွင် လမစေ့ဘဲကလေးမွေးဖွားနိုင်ခြေ 6.4 ရာခိုင်နှုန်းသာရှိသော်လည်း မူးဝေပျို့အန်ခြင်းမရှိသော မိခင်များတွင်မူ လမစေ့ကလေးမွေးဖွားနိုင်ခြေ 9.5 ရာခိုင်နှုန်းအထိ မြင့်မားကြောင်း သိရှိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်စဉ် မူးဝေပျို့အန်ခြင်းဝေဒနာမခံစားရသူအမျိုးသမီးများသည် မူးဝေပျို့အန်သူအမျိုးသမီးများထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ သုံးဆပိုမိုများပြားကြောင်းတွေ့ရှိခဲ့ရသည်။ ထိုမျှသာမကသေးဘဲ မူးဝေပျို့အန်တတ်သောကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာသောကလေးများ ကြီးပြင်းလာချိန်တွင် ဉာဏ်ရည်ဉာဏ်သွေး (IQ) ပိုမိုမြင့်မားတတ်ပြီး ဘာသာစကားစွမ်းရည်နှင့် အခြားစွမ်းဆောင်ရည်များလည်း ပိုမိုမြင့်မားလေ့ရှိကြောင်း အဆိုပါသုတေသနက ဖော်ပြထားသည်။
Dr. Thanda Lin















