ကိုယ်ဝန်ဆောင်စဥ် အပူအစပ်စားလို့ သင့်တော်သလား ?
အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိလာပြီဆိုရင် အထူးသဖြင့် အစားအစာနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာတွေ၊ ရှောင်ရှားရမှာတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ချဉ်ခြင်းတက်တတ်ကြပြီး အချို့ကအပူအစပ်တွေကို ပိုစားချင်လာကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နဲ့အပူအစပ်အစားအစာတွေ တည့်ရဲ့လားဆိုတာကို လေ့လာကြည့်ကြရအောင်။
ကိုယ်ဝန်ဆောင်စဉ် စပ်သောအစားအစာတွေစားဖို့ သင့်တော်ပါသလား?
မိခင်ရဲ့အစာအိမ်က ခံနိုင်ရည်ရှိတယ်ဆိုရင် အလွန်အမင်းမစပ်တဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။ ဒီအပူအစပ်တွေက ကလေးကိုဒုက္ခမပေးနိုင်ပေမယ့် မိခင်ကိုတော့ အစာခြေလမ်းကြောင်းပြဿနာတွေနဲ့ ရင်ပူခြင်းတွေဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အပူအစပ်တွေက ကိုယ်ဝန်ဆောင်စဉ် မနက်ပိုင်းမှာ ဖြစ်လေ့ရှိတဲ့အော့အန်ခြင်းတွေကိုလည်း ပိုဆိုးစေပါတယ်။
အပူအစပ်အစာများတဲ့နိုင်ငံက မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာလည်း စားနေကျအစားအစာတွေပဲ စားကြပြီး ဒါက ကလေးကိုမထိခိုက်ပါဘူး။
သိမှတ်စရာအချက်များ
1. အစာမကြေခြင်း၊ ရင်ပူခြင်း စတဲ့လက္ခဏာတွေကို စောင့်ကြည့်ပါ
အချို့အသာအစားအစာတွေကြောင့် ရင်ပူတာတွေ၊ အစာမကြေတာတွေဖြစ်ရင်တော့ ဒီအစားအစာတွေကိုရှောင်ပါ။
2. အပူအစပ်ပါတဲ့အစားအသောက်တွေကို သေချာကြည့်ရှုစစ်ဆေးပြီးမှစားပါ
အစာမကြေခြင်း၊ ရင်ပူခြင်းတွေမဖြစ်စေဖို့အတွက် အပူအစပ်အစားအစာအသစ်စားမယ်ဆိုရင် နည်းနည်းချင်းစပြီးစားပါ။ သေချာထုတ်ပိုးထားတာတွေကိုပဲစားပါ။ အထုတ်ပုံစံပျက်နေရင် ညစ်ပတ်နေနိုင်တဲ့အတွက် မစားပါနဲ့။ အစားအသောက်နဲ့ ဆေးဝါးဌာနကအသိအမှတ်ပြုထားတဲ့ အစားအစာတွေပဲ စားသုံးပါ။
အဆုံးသတ်အနေနဲ့ ထပ်ပြီးမှာချင်တာကတော့ အပူအစပ်တွေစားလို့ရပါတယ်။ ဒါပေမယ့် အပူအစပ်စားလို့ ရင်ပူမယ်၊ အစာမကြေဖြစ်မယ်ဆိုရင်တော့ ရှောင်ကြဉ်ပါ။ အလွန်အမင်းစပ်တဲ့ အစားအစာတွေကိုတော့ မစားပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















