ကိုယ်ဝန်ဆောင်နဲ့လက်ဖက်ရည်
ကိုယ်ဝန်သည်မေမေတို့ဟာ ကိုယ်ဝန်စလွယ်စဉ်ကာလမှာကတည်းက အပြောင်းအလဲအများကြီးနဲ့ ကြုံတွေ့ကြရပါတယ်။ အစားအစာတစ်ချို့ကိုရှောင်ကြဉ်ရတာ၊ ကဖိန်းဓာတ်ကို သတိထားရတာ၊ အရက်၊ဆေးလိပ်တို့ကို ရှောင်ကြဉ်ရတာ၊ ဆေးအများစုကို ရှောင်ရတာ စတာတွေကို ကြုံရပါတယ်။ သတိမထားမိတဲ့ အရာတစ်ခုကတော့ လက်ဖက်ရည်ပဲဖြစ်ပါတယ်။
>> ဂျင်းလက်ဖက်ရည်ကြမ်းဟာ မနက်ခင်းပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။
ဂျင်းလက်ဖက်ရည်ကြမ်းဟာ အလွန်အကျွံသောက်သုံးတာမဟုတ်ပဲ ပုံမှန်လေးသောက်ပေးရင် ပျို့အန်ခြင်း နဲ့ ကိုယ်ဝန်အစောပိုင်းသားအိမ်ကြုံ့ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဂျင်းကအစာအိမ်ကို အကျိုးပြုတဲ့အတွက် ပျို့အန်နေသူ မိခင်လောင်းတွေအတွက် အထူးသင့်တော်ပါတယ်။
>> လက်ဖက်ရည်ကျကျကိုအလွန်အကျွံမသောက်ပါနဲ့။
လက်ဖက်ရည်ကျကျကို ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝရှောင်စရာမလိုပေမယ့် ကဖိန်းဓာတ်ပါတဲ့အတွက် အများကြီးမသောက်မိပါစေနဲ့။ တစ်နေ့ကို ၄ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။
ဒါ့အပြင် ကဖိန်းဓာတ်ကိုလည်း လျော့သောက်သင့်ပါတယ်။ ကဖိန်းပါတဲ့ လက်ဖက်ရည်အစား ကဖိန်းဓာတ်မပါတဲ့ လက်ဖက်ရည်မျိုးကို ရွေးချယ်သောက်သုံးပေးရင် ပိုကောင်းပါတယ်။
>> Green Tea ဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အကျွံမသောက်သုံးသင့်ပါဘူး။
ပုံမှန်လေးသောက်နိုင်ပေမယ့် ကဖိန်းဓာတ်ပါဝင်တဲ့အတွက် အများကြီးမသောက်ပါနဲ့။ လျေ့ာသောက်ပေးပြီး ဖြစ်နိုင်ရင် ကဖိန်းဓာတ်မပါတဲ့အမျိုးအစားကို ရွေးသောက်ပေးပါ။
>> ကိုယ်ဝန်ဆောင်ပထမကာလမှာ ပူစီနံလက်ဖက်ရည်ကြမ်းကို ရှောင်ပေးစေချင်ပါတယ်။
ကိုယ်ဝန်ပထမပိုင်းကာလဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံးကာလဖြစ်ပြီး ပူစီနံက သားအိမ်ကျုံ့ခြင်းကို ဖြစ်စေတာကြောင့် ဖြစ်ပါ့တယ်။
>> နွယ်ချိုလိုမျိုး ဟင်းခတ်အမွေးအကြိုင်တစ်ချို့ကို ရှောင်ပါ။
လက်ဖက်ရည်ကို ကဖိန်းဓာတ်သတိထားပြီး တော်သင့်ရုံသောက်မယ်ဆိုရင် သောက်နိုင်သေးပေမယ့် တစ်ချို့ဟင်းခတ်အမွေးတွေကတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
နွယ်ချိုမှာ အီစထရိုဂျင်အစွမ်းရှိတဲ့အတွက် လမစေ့ပဲမွေးတာမျိုး၊ ကလေးအင်္ဂါမစုံတာမျိုးထိတောင် ဖြစ်နိုင်တာကြောင့် နွယ်ချိုလက်ဖက်ရည်ကြမ်းကို ရှောင်သင့်ပါတယ်။ Cohosh ဟင်းခတ်ရွက်တစ်မျိုးနဲ့ Dong Quaiတရုတ်ရိုးရာလက်ဖက်ရည်တွေဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ကျုံ့စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ပဲမွေးခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဂျင်စင်းလက်ဖက်ရည်ဟာလည်း ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ၊ ဖွံ့ဖြိုးမှုချို့ယွင်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
သစ်ကြံပိုးနဲ့ နာနတ်ပွင့်တို့ဟာလည်း သားအိမ်ကျုံ့စေ၊ညှစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရှောင်ရှားသင့်ပါတယ်။ တစ်ခါတစ်ရံ လက်ဖက်ရည်ကြမ်းမှာ သစ်ကြမ်းပိုးခြောက် ထည့်တည်တတ်တာကြောင့် သတိပြုပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















