ကိုယ်ဝန်ဆောင်မိခင်တွေ ဓာတ်မှန်ရိုက်လို့ရသလား
ယေဘုယျအားဖြင့်တော့ ဓာတ်မှန်တစ်ချပ်ကြောင့် ရောဂါရှာဖွေနိုင်တဲ့အကျိုးကျေးဇူးဟာ ကလေးကို ဘေးဖြစ်နိုင်နှုန်းထက် ပိုများပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေတာကို သတိမပြုမိဘဲ ဗိုက်ကို အချိန်တို အတွင်းမှာ ဓာတ်မှန်အချပ်ပေါင်းများစွာ ရိုက်မိရင်တော့ ကလေးအပေါ်ကို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
ခြေထောက်၊ ခေါင်း၊ သွားနဲ့ ရင်ဘတ်ဓာတ်မှန်တွေအပါအဝင် ဓာတ်မှန်အများစုက မိမိရဲ့မျိုးပွားအင်္ဂါကို ဓာတ်ရောင်ခြည် တိုက်ရိုက်ထိတွေ့စရာမလိုပါဘူး။ ခဲနှင့်ပြုလုပ်ထားတဲ့အကာ ဝတ်ဆင်ခြင်းကလည်း ဓာတ် ရောင်ခြည် ကာကွယ်နိုင်ပါတယ်။
ခြွင်းချက်အနေနဲ့ကတော့ ဗိုက်ကိုရိုက်ရတဲ့ဓာတ်မှန်ပါပဲ။ ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ကလေးကို ဘေးဖြစ်နိုင်နှုန်းက သန္ဓေသားအသက်အရွယ်နဲ့ ဓာတ်ရောင်ခြည် ထိတွေ့တဲ့ပမာဏတွေအပေါ် မူတည် ပါတယ်။ ကိုယ်ဝန်ဆောင်ပြီး နှစ်ပတ်အတွင်းမှာ အလွန်မြင့်မားတဲ့ဓာတ်ရောင်ခြည်ပမာဏကို ထိတွေ့မိရင် ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမြင့်မားတဲ့ရောင်ခြည်ပမာဏကို ရောဂါရှာဖွေဖို့ရိုက်တဲ့ ဓာတ်မှန်မျိုးမှာ သုံးလေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင် ၂ ပတ်ကနေ ၈ ပတ်အတွင်း မြင့်မားတဲ့ ဓာတ်ရောင်ခြည်ပမာဏကို ထိတွေ့မိတာက သန္ဓေသားကြီးထွားမှုကို နှေးကွေးစေတာ ဒါမှမဟုတ် မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့တာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ၈ ပတ်ကနေ ၁၆ ပတ်အတွင်း ထိတွေ့မိရင် လည်း သင်ကြားမှုချို့တဲ့တာ ဒါမှမဟုတ် ဉာဏ်ရည်ချို့တဲ့တာတွေဖြစ်နှုန်းကို မြင့်တက်စေပါတယ်။ ရောဂါရှာ ဖွေဖို့ ဓာတ်မှန်တစ်ကြိမ်ရိုက်ပြီး ဓာတ်ရောင်ခြည်ထိတွေ့တဲ့နှုန်းက ဒီလိုနောက်ဆက်တွဲတွေ ဖြစ်စေနိုင် လောက်အောင်တော့ ပမာဏ မများလှပါဘူး။
ဓာတ်မှန်မရိုက်ခင်မှာ ကိုယ်ဝန်ရှိနေလား ဒါမှမဟုတ် ကိုယ်ဝန်ရှိနေနိုင်လားဆိုတာကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အခြေအနေအပေါ် မူတည်ပြီးတော့ ဓာတ်မှန်ရိုက်ဖို့ကို ရွှေ့ဆိုင်းလိုက်တာ ဒါမှမဟုတ် ဓာတ်ရောင်ခြည်ပမာဏကို လျှော့ချလိုက်တာတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးကို ဓာတ်မှန် ရိုက်ရတဲ့အခါ ကိုယ်ဝန်ဆောင်ထားရရင် ကလေးကို ကိုင်ထားစရာမလိုပါဘူး။ အကယ်၍ ကိုယ်ဝန်ရှိမှန်း မသိ လိုက်ခင်မှာ ဓာတ်မှန်ရိုက်လိုက်မိရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။ နောက်ဆုံးအနေကတော့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ဓာတ်မှန်ရိုက်သင့်၊ မရိုက်သင့်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်လို့ ပြောချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















