ကိုယ်ဝန်ဆောင်မေမေတို့ အန်တာသက်သာစေဖို့
ကိုယ်ဝန်ဆောင် ရှေ့ပိုင်းကာလတွေမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြပါတယ်။ ဒီလို ဝေဒနာတွေ သက်သာစေဖို့…
အစာမစားခင် ရေသောက်ပါ။
ဗိုကိပြည့်တင်းနေခြင်းဟာ ပျို့အန်ချင်စိတ်ဖြစ်စေပါတယ်။ ဒါကြောင့် အစာမစားခင် မိနစ်၃၀ခန့်ကြိုပြီး ရေသောက်သင့်ပါတယ်။ ဒါပေမယ့် ဗိုက်ပြည့်အောင် မသောက်မိဖို့ကိုလည်း သတိပြုသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးတဲ့အတွက် တစ်နေ့တာ ရေကို လုံလောက်စွာ သောက်သုံးသင့်ပါတယ်။
နည်းနည်းစီ မကြာခဏစားပေးပါ။
ဗိုက်ဟောင်းလောင်းနေခြင်းက ပျို့အန်ခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်နေကုန် နည်းနည်းစီ စားပေးခြင်းက ဗိုက်ပြည့်စေပြီး သွေးတွင်းအချိုဓာတ်ကို ငြိမ်စေနိုင်ပါတယ်။ အရသာသိပ်မပါတဲ့ ကရက်ကာလိုမျိုးကို ပုံမှန်စားပေးပါ။
အစာကို အေးအေးစားပါ။
ဟင်းနံ့တွေက ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် မနက်ခင်းပျို့အန်တာတွေ သက်သာတဲ့အချိန်အထိ ထမင်းဟင်းကို မနွှေးပဲ အေးအေးသာစားပေးပါ။ အသားဓာတ် ပရိုတင်းနဲ့ ဗီတာမင် B6 တို့ သောက်ပေးနိုင်ပါတယ်။
အသားဓာတ်ပြည့်ဝပြီး ဗီတာမင် B6 ပါဝင်တဲ့ အစေ့အနံှတွေစားပေးပါ။ ပျို့စေနိုင်တဲ့ အဆီများပြီး ပြစ်တဲ့အစားအသောက်တွေ၊ ချဉ်ချဉ်စပ်စပ်တွေကို ရှောင်သင့်ပါတယ်။
ဂျင်းစားပါ။
ဂျင်းနည်းနည်းစီစားပေးခြင်းက အစာအိမ်ကို သက်သာစေပါတယ်။ ဂျင်းတက်အနည်းငယ်ကို ကြိတ်ပြီး ရေနွေးထဲထည့်သောက်နိုင်ပါတယ်။ သို့မဟုတ် ဂျင်းနှပ်တို့ ဂျင်းဇီးပြားတို့ လုပ်စားနိုင်ပါတယ်။ ဂျင်းဆေးတောင့်အားဆေးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းများကို မေးမြန်းပြီးမှ သောက်သင့်ပါတယ်။
အိပ်ရာမထခင် မနက်စာစားပါ။
အိပ်ရာထဲကနေ အစာမစားပဲ ထပါက မနက်ခင်းပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်ဖြစ်ဖြစ် ကရက်ကာမုန့်ဖြစ်ဖြစ် တစ်ခုခုဆောင်ထားပြီး မထခင်စားပေးသင့်ပါတယ်။
ဘယ်အချိန်မှာ ပျို့အန်တတ်တယ်ဆိုတာ မှတ်သားထားပါ။
ဒီလို မှတ်သားထားခြင်းဖြင့် ဘယ်အချိန်မှာ အန်တတ်ပြီး ဘယ်အချိန်မှာ အစာစားသင့်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဗီတာမင်အားဆေးများသောက်ပါ။
ညဘက်မအိပ်ခင် ကိုယ်ဝန်ဆောင်အားဆေးများကို အစာလေးနဲ့တွဲစားပေးခြင်းက မနက်ဘက်မှာ ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။
နားနားနေနေ နေပါ။
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတို့က ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူပါ။
အခြားနည်းလမ်းများ ပြောင်းလဲကုသကြည့်ပါ။
အပ်စိုက်ကုသခြငး်၊ အပူထုတ်ကုသခြင်း၊ အကြောပြေလျော့ကုသခြင်းနဲ့ အနံ့ကုသခြင်းတို့က ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ အတွေ့အကြုံများပြီး ကျွမ်းကျင်သူများနဲ ့တွေ့ဆုံကုသသင့်ပါတယ်။
မိတ်ဆွေသူငယ်ချင်းနဲ့ စကားပြောပါ။
မနက်ခင်းတိုင်း ပျို့အန်ပြီး မစားချင်မသောက်ချင် ဖြစ်နေတာဟာ စိတ်ညစ်ညူးစရာ ကောင်းလှပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားပြောခြင်းဖြင့် စိတ်သက်သာမှုကို ရရှိနိုင်ပါတယ်။
လိမေ္မာ်ရနံ့ကို နမ်းရှုနိုင်ပါတယ်။
လိမေ္မာ်သီးရနံ့က အန်ချင်စိတ်ကို ပျောက်စေနိုင်ပါတယ်။ လိမေ္မာ်သီးစိတ်တွေကို စပါကလင်အချိုရည် အေးအေးလေးထဲထည့်သောက်ခြင်းကလည်း အထောက်အကူ ပြုပါတယ်။
Dr. Emerald (www.drmyanmar.com)
















