ဆီးချိုမေမေတွေအတွက် ကိုယ်ဝန်ဆောင်ချိန် နည်းလမ်းကောင်း
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် ပျော်စရာအချိန်ဖြစ်သလို အလွန်အန္တရာယ်များတဲ့အချိန်လဲ ဖြစ်ပါတယ်။ ကိုယ့်မှာ ဆီးချိုစတဲ့ ရောဂါတစ်မျိုးမျိုးရှိနေပါက သာမာန်ထက်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။
>> ရောဂါနဲ့ကိုယ်ဝန် ဘယ်လိုစောင့်ရှောက်ကြမလဲ?
ဒီတော့အန္တရာယ်များလှတဲ့ ရောဂါကိုရော ကိုယ်ဝန်ကိုပါ ဘယ်လိုထိန်းကြမလဲ? ထင်သလောက်တော့မခက်ပေမယ့် သေချာနည်းလမ်းတကျလုပ်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ပါ အောက်ပါအချက်(၇)ချက်ကို လိုက်နာဆောင်ရွက်ပြီး ကျန်းမာတဲ့ ကိုယ်ဝန်ကို ရရှိနိုင်ပါတယ်။
1. ဆီးချိုကိုသေချာထိန်းပါ။
ကလေးယူဖို့စဉ်းစားနေပြီဆိုရင်တော့ အကျင့်ဆိုးတေွ(ဥပမာ ဆေးလိပ်သောက်ခြင်း)ကို ရှောင်ကြဉ်ခြင်း၊ ကိုယ်အလေးချိန်ချခြင်း (အထူးသဖြင့် အဝလွန်နေသူတွေ)၊ ကိုယ်ဝန်ဆောင်အားဆေးများသောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရှိသူတွေမှာ ဆီးချိုကိုပါ သေချာထိန်းနိုင်ဖို့ လိုအပ်ပါတယ်။ ဆီးချိုတအားတက်နေကျနေရင်တော့ ကိုယ်ဝန်ဆောင်ဖို့ မလွယ်ကူလှပါဘူး။
2. ဆီးချိုအတွက်ဆရာဝန်တွေနဲ့သေချာကုသရပါမယ်။
ဆီးချိုရှိတဲ့ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ သာမန်ကိုယ်ဝန်ဆောင်တွေထက် ဆရာဝန်ရက်ချိန်းတွေ သုံးဆလောက်ပိုများတတ်ပါတယ်။ ကိုယ်ဝန်ကိုသေချာ စောင့်ကြည့်ပေးဖို့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာအပ်ပြီး ဆီးချိုထိန်းပေးနိုင်ဖို့ ဆီးချိုအထူးကုဆရာဝန်နဲ့ သားဖွားမီးယပ်ဆရာဝန်တို့ ပူးပေါင်းကုသမှု လိုအပ်ပါတယ်။
3. သောက်ဆေးတွေကို ရပ်သင့်ပါတယ်။
ဆရာဝန်အများစုဟာ ဆီးချိုရှိသူအမျိုးသမီး ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုသောက်ဆေးတွေကို ရပ်တန့်စေ တတ်ပါတယ်။ Metformin တို့လို ဆီးချိုကျဆေးတွေဟာ ကိုယ်ဝန်ကို ဆိုးကျိုးမဖြစ်စေနိုင်ဘူးဆိုတဲ့ လေ့လာ စမ်းသပ်မှုတွေ သိပ်မလုံလောက်တဲ့အပြင် သောက်ဆေးထက် အင်ဆူလင်ထိုးဆေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုကို ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။ ဆီးချိုအမျိုးအစား ၁ မှာတော့ စဖြစ်ကတည်းက အင်ဆူလင်ထိုးဆေးသုံးရတာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လက်ရှိထိုးဆေးပမာဏ လုံလောက်မှုရှိ၊ မရှိပြန်လည် ဆန်း စစ်ကြည့်ရပါမယ်။
4. မနက်ခင်းအန်နေတာကို တွန်းလှန်နိုင်ရပါမယ်။
ဆီးချိုအတွက် အင်ဆူလင်ထိုးနေတဲ့အခါ ဗိုက်ထဲမှာအစာရှိနေဖို့ လိုအပ်ပါတယ်။ မနက်ခင်းပျို့အန်နေတာကြောင့် အစာမစားနိုင်တဲ့အခါ အချိုဓာတ်တွေကျတတ်ပါတယ်။ ဒါကြောင့် ပျို့အန်တာသက်သာအောင် မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း ကရက်ကာတစ်ချပ်လောက်စားပေးသင့်ပါတယ်။
5. ဆီးချိုသေချာထိန်းရပါမယ်။
ကိုယ်ဝန်တောက်လျောက်မှာ ဆီးချိုအတက်အကျမရှိအောင် သေချာထိန်းသင့်ပါတယ်။ ဒါကြောင့် ဆီးချိုစစ် စက်နဲ့ အမြဲစစ်ဆေးပေးနေရပါမယ်။
6. ကစီဓာတ်ပါတဲ့အစားအစာတွေ၊ အချိုရည်တွေဆောင်ထားပါ။
အင်ဆူလင်ထိုးနေချိန်မှာ အင်ဆူလင်ပမာဏများသွားတဲ့အခါ သို့မဟုတ် အစာစားတာပုံမှန်ထက် နည်းသွားတဲ့ အခါ သွေးတွင်းအချိုဓာတ် ကျသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချိုတစ်ခုခုစားပေးသင့်ပါတယ်။
7. အထောက်အကူရယူပါ။
ကိုယ်ဝန်ဆောင်အကြံဉာဏ်တွေကို အမေ၊ အစ်မ၊ သူငယ်ချင်းတွေဆီကရနိုင်ပေမယ့် သူတို့ကိုယ်တိုင် ဆီးချို မရှိဖူးသူတွေမှာ အကြံကောင်းကောင်းမပေးနိုင်ပါဘူး။ ဒါကြောင့် အင်တာနက်လူမှုကွန်ရက်တွေမှာ ကိုယ်နဲ့ ဆီးချိုရှိတာခြင်းတူတဲ့ ဝါရင့်မေမေတွေရဲ့ အကြံဉာဏ်ကောင်းများ ရယူနိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















