နို့တိုက်မေမေတို့ အဝမလွန်စေဖို့ နည်းလမ်းကောင်းများ
နို့တိုက်မိခင်တို့အတွက် အာဟာရပြည့်ဝခြင်းဟာ အရေးကြီးသလို သာမန်အချိန်ထက်လည်း အာဟာရ ပိုမိုလိုအပ်ပါတယ်။ မိခင်နို့တစ်မျိုးတည်းတိုက်သော မေမေများအနေနှင့် ကလေး ၆ လအထိ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ပိုစားမှသာ လုံလောက်တဲ့နို့ ထွက်နိုင်မှာ ဖြစ်ပါတယ်။ မိခင်အများစုဟာ နို့တိုက်တဲ့ကာလမှာ ကိုယ်အလေးချိန် လျှော့ကျကြသော်လည်း အချို့ကတော့ ပိုတောင်ဝလာကြတာ တွေ့ရပါတယ်။ ဝလာသောမေမေတွေအနေနှင့် ဒီကာလမှာ ပြင်းထန်သော ကိုယ်အလေးချိန် လျှော့နည်းတွေကို မပြုလုပ်ဘဲ မှန်ကန်တဲ့နည်းလမ်းကိုသာ အသုံးပြုသင့်ပါတယ်။
Obimin 1

>> မှန်ကန်သောအစာကို ရွေးချယ်ခြင်း
● အစာအုပ်စုအားလုံးကို ညီညွတ်မျှတအောင် စားသုံးရမှာ ဖြစ်ပါတယ်။
● အသားဓာတ်ရစေဖို့ ကြက်သား၊ ငါး၊ အခွံမာပင်လယ်စာများ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆံတွေကို နေ့စဉ်စားသုံးသင့်ပါတယ်။
● သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ နေ့လယ်စာနှင့် ညစာစားတဲ့အခါ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ပန်းကန်တစ်ဝက်စာ စားပေးပါ။ သစ်သီးဖျော်ရည် သောက်လိုပါက သကြားမပါဘဲ သောက်သုံးသင့်ပါတယ်။
● အဆီထုတ်ထားသော နွားနို့၊ ဒိန်ချဉ်အနည်းငယ်ကို တစ်နေ့လျှင် ၃ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။
● ထမင်းအစား ဆန်လုံးညို စားနိုင်သလို ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်ကို အစားထိုးစားခြင်းဖြင့် ဝိတ်ကျစေဖို့ အထောက်အကူပြုပါလိမ့်မယ်။
● စားအုန်းဆီအစား ကျန်းမာရေးနှင့်ညီညွတ်တဲ့ သံလွင်ဆီ၊ ပဲပိစပ်ဆီတို့ကို အသုံးပြုပါ။ ဟင်းချက်ရာတွင် ဆီပမာဏ အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။
Obimin 2

● ရေကို တစ်နေ့ အနည်းဆုံး ၂ လီတာခန့် သောက်ပေးပါ။ မိခင်နို့တိုက်နေသူတွေအတွက် နို့များများထွက်ဖို့ ရေဓာတ်ပြည့်ဝခြင်းက အရေးကြီးပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်တွေကို အနည်းငယ်သာ သောက်သုံးသင့်ပါတယ်။
● ဆီကြော်စာများနှင့် အငန်များကို ရှောင်ကြဉ်ပြီး ကယ်လိုရီနည်းသော အစားအစာတွေကို စားသုံးခြင်း ဖြင့် ဝိတ်ကျစေသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
● ဆရာဝန်နှင့်တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေးတွေကိုလည်း ကလေး ၆ လအထိ ဆက်သောက်လို့ရပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းများကို တစ်နေ့ အနည်းဆုံး နာရီဝက်ပြုလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှု နည်းပါးအောင်နေခြင်း စတဲ့ နည်းလမ်းတွေကလည်း ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















