/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မိခင်လောင်းတို့-မိုးရာသီမှာ-မိမိကိုယ်ကို-ဘယ်လိုဂရုစိုက်ကြမလဲ

မိခင်လောင်းတို့ မိုးရာသီမှာ မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အခုချိန်မှာ ကိုဗစ်ကပ်ဘေးကြီး ဖြစ်နေတဲ့အပြင် မိုးရာသီရဲ့စိုစွတ်မှု၊ ရာသီအကူးအပြောင်း၊ ခြင်/ယင် ပေါက်ဖွားမှု များတာတွေကြောင့် ရာသီတုပ်ကွေးပိုးနှင့် အခြားရောဂါပိုးမွှားတွေရန်ကိုလည်း ကြောက်ရပါတယ်။
ဒါကြောင့်မို့ မေမေလောင်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ရင်သွေးလေးအတွက်ပါ ပိုဂရုစိုက်ဖို့ လိုတယ်နော်။

မေမေတို့အတွက် အထူးဂရုစိုက်ရမယ့်အချက်လေး (၅) ချက်ကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။

Obimin 1

၁။  ကာကွယ်ဆေးထိုးပါ။
ကိုဗစ်ကာကွယ်ဆေးတွေ ရလာတဲ့အခါ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ထိုးဖို့လိုပါတယ်နော်။ မေမေရော ကလေးကိုပါ ကာကွယ်ပေးနိုင်မှာပါ။

၂။  ရေဓာတ် ပြည့်ဝအောင်နေပါ။
ရာသီက အေးမြစိုစွတ်နေတဲ့အခါ အရင်ကလို ရေ ခဏခဏ မဆာတတ်ပါဘူး။ ဒါကြောင့်မို့ ရေကို သတိထား သောက်ပေးပါ။ ၂၄ နာရီအတွင်းမှာ ရေဖြစ်စေ၊ ရေနွေးကြမ်းပူပူလေးဖြစ်စေ၊ ဟင်းရည်ဖြစ်စေ အရည် ၂  လီတာခွဲလောက် သောက်ဖို့လိုပါတယ်။ ဒါမှသာ ခေါင်းကိုက်တာ၊ အာခေါင်ခြောက်တာတွေကို သက်သာစေတဲ့အပြင် မေမေရော ကလေးလေးပါ ရေဓာတ် ပြည့်ဝနေစေမှာပါ။

၃။  ဗီတာမင်စီပြည့်ဝတဲ့ အစားအသောက်တွေကို သေချာချက်ပြုတ်စားသောက်ပါ။
ဗီတာမင်စီဟာ ကိုယ်ခံအားအတွက်၊ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းအတွက် အရေးပါပါတယ်။ အချဉ်သီးတွေ၊ ဖျော်ရည်တွေ များများစားပေး၊ သောက်ပေးပါ။ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာလည်း ရောဂါပိုးမွှား သန့်စင်အောင် သေချာဆေးကြောပြီး ကျက်အောင်ချက်ပြုတ်ပေးဖို့လည်း အရေးကြီးပါတယ်။

Obimin 2

၄။  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
နေ့စဉ် လမ်းလျှောက်ပေးဖို့နဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။ မချော်စေမယ့်ဖိနပ်မျိုးကို ရွေးချယ်စီးနင်းပေးပြီး ခြောက်သွေ့တဲ့နေရာ ဒါမှမဟုတ် ကိုယ့်အိမ်ထဲမှာပဲ လမ်းလျှောက်ပေးပါ။

၅။  SMS အရေးကြီးပါတယ်။
ကိုဗစ်ရောဂါဆိုးကြီးကလည်း ဖြစ်နေတာမို့ SMS ဆိုတာကို မမေ့ပါနဲ့နော်။ SMS ဆိုတာကတော့ -
●  S-sanitise အစာမစားခင်လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးကြောပေးပါ။
●  M-mask up ကိုယ့်အိမ်သားကလွဲလို့ တခြားတစ်ယောက်ယောက် ရှိနေရင် နှာခေါင်းစည်းကို အမြဲတပ်ဆင်ပါ။
●  S-social distancing လူတွေနဲ့ ၆ ပေအကွာမှာ နေပါ။

ဒီအချက် (၅) ချက်ကို လိုက်နာခြင်းဖြင့် မေမေရော ကလေးလေးပါ ရောဂါအန္တရာယ်များမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။ ကပ်ရောဂါဆိုးအန္တရာယ်မှ ကင်းဝေးပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ ကျန်းမာစွာ မွေးဖွားနိုင်ကြပါစေနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)