မွေးဖွားကာစမေမေတို့ မိမိကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ
မီးဖွားပြီးကာစမေမေတွေအနေနဲ့ ကလေးလေးပေါ်မှာ ဂရုစိုက်နေမိမှာပေါ့။ ဒါပေမဲ့ မေမေတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။
● ကောင်းကောင်းအနားယူပါ
မီးဖွားပြီးခါစရက်ပိုင်းတွေမှာ မေမေတွေဟာ စိတ်ရော၊ ကိုယ်ပါ သေချာအနားယူဖို့ လိုပါတယ်။ ကလေးလေးတစ်ယောက် မိသားစုထဲ ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေမယ်၊ သတင်းမေးတဲ့ လူတွေကလည်း များပြားနေမှာဖြစ်ပေမယ့် ရနိုင်သလောက် လူနည်းနည်းပဲ လက်ခံတွေ့ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ကလေးနဲ့ ရင်းနှီးအောင် အရင်လုပ်ရပါမယ်။ အိမ်အလုပ်တွေ ဘာမှမလုပ်နိုင်လည်း အဆင်ပြေပါတယ်။ စားပါ၊ အိပ်ပါ၊ ကလေးကို ကြည့်ပါ။ ကလေးအိပ်တိုင်း လိုက်အိပ်တတ်အောင် ကြိုးစားပါ။ တခြားလူတွေကို အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။
● ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကိုလည်း ကြုံရပါလိမ့်မယ်
» မိန်းမကိုယ်ကနေ အရည်တွေ ဆင်းလိမ့်မယ်။ စစချင်းမှာ အနီရောင်တွေ ဆင်းမယ်၊ များမယ်။ နောက်ပိုင်း များလာပြီး အရောင်လည်း ဖျော့သွားလိမ့်မယ်။ နှစ်ပတ်၊ သုံးပတ်လောက်နေရင် ရပ်သွားပါလိမ့်မယ်။
» ခြေထောက်တွေ ဖောင်းကားနေလိမ့်မယ်။ ခြေထောက်တွေကို မြှောက်ထားပေးပါ။ ဖြည်းဖြည်းချင်း လျှော့လာပါလိမ့်မယ်။
» ဝမ်းချုပ်တတ်လာမယ်။ ရေများများသောက်၊ အသီးအရွက် များများစားပေးပါ။
» ရာသီလာရင် ကိုက်ခဲသလိုမျိုး ခံစားရလိမ့်မယ်။ နို့တိုက်နေရင် ပိုပြီးဖြစ်တတ်တယ်။ ရင်သားကလည်း ပြည့်တင်းပြီး နာနေတတ်တယ်။
» ဘယ်လောက် လှုပ်လှုပ်ရှားရှား လုပ်လို့ရလဲ ဆိုတာကတော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
● ပုံမှန်ခန္ဓာကိုယ်အလေးချိန်နဲ့ ပုံစံ
မွေးပြီးပြီးချင်းမှာတော့ ၁၀ ပေါင်လောက် ကျသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က တက်ခဲ့တဲ့ အလေးချိန်တွေကို ချက်ချင်းလျှော့ဖို့ မကြိုးစားပါနဲ့။ အထူးသဖြင့် ကလေးကိုပါ နို့တိုက်နေရင် ဖြည်းဖြည်းချင်း လျှော့သွားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပြီး လေ့ကျင့်ခန်းပုံမှန် လုပ်ပေးရင် ဖြည်းဖြည်းချင်း ကျလာပါလိမ့်မယ်။ အချိုတွေ၊ ဆီများတဲ့ အစားအစာတွေ ရှောင်ပါ။ နို့တိုက်မိခင်ဟာ အရက်လုံးဝ မသောက်ရပါဘူး။
● စိတ်ဓာတ်ကျနေတတ်တာ
မီးဖွားပြီးခါစ မိခင်တွေအနေနဲ့ ဝမ်းနည်းတာ၊ စိတ်မကြည်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲတွေ၊ ကလေးကို ဘယ်လိုပြုစုရမလဲဆိုတဲ့ စိတ်လှုပ်ရှားမှုတွေ၊ အိပ်ရေးပျက်တာတွေကြောင့် ဖြစ်ပါတယ်။
ဒါဟာ ပုံမှန်ပဲ၊ မကြာခင် ပျောက်သွားမယ်ဆိုတာ သိထားရပါမယ်။ ဒါပေမဲ့ ၂ ပတ်ထက် ကြာလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။ ဘာလို့လဲဆို ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ ဖြစ်နေနိုင်လို့ပါ။ ဒီရောဂါဟာ မီးဖွားပြီး တစ်နှစ်အတွင်းမှာ ဖြစ်နိုင်ပါတယ်။
သူ့ရဲ့ လက္ခဏာတွေက -
» စိတ်တို၊ စိတ်ဆတ်နေတာ
» ဝမ်းနည်း၊ စိတ်ဓာတ်ကျ၊ ငိုမိနေတာ
» အင်အားမရှိသလို ခံစားရတာ
» ခေါင်းကိုက်၊ ရင်ဘတ်အောင့်၊ ရင်တုန်၊ အသက်ရှူမဝတာ
» ညဘက်တွေ အိပ်မပျော်တာ၊ ပင်ပန်းနေတာ
» အစားမစားချင်၊ အလေးချိန်တွေ ကျလာတာ
» အရမ်းစား၊ အလေးချိန်တွေ တက်လာတာ
» မေ့တတ်လာတာ၊ အာရုံစိုက်လို့ မရတာ
» ကလေးကို အရမ်းစိတ်ပူတာ
» ကလေးကို စိတ်မဝင်စားတာ
» ကိုယ့်ကိုကိုယ် အသုံးမကျ၊ အပြစ်ရှိတယ်လို့ ခံစားရတာ
» လိင်ကိစ္စ၊ လူတွေနဲ့ ပြောဆိုဆက်ဆံရတာကို စိတ်မဝင်စားတာ
» ကလေးကိုရော၊ ကိုယ့်ကိုကိုယ်ပါ ထိခိုက်အောင် လုပ်ချင်တဲ့စိတ်တွေ ဝင်လာတာ
စသည်တို့ ခံစားလာရရင်တော့ ဆရာဝန်နဲ့ သေချာပြသကုသဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)
















