/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကဖိန်းနှင့်-ဓာတ်ပြုသော-ဆေးဝါးများ

ကဖိန်းနှင့် ဓာတ်ပြုသော ဆေးဝါးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            ကဖိန်းဟာ အစားအသောက် တော်တော်များများမှာ ပါ၀င်လေ့ရှိပြီး ဆေးဝါး (၈၂) မျိုးနှင့် ဓာတ်ပြုနိုင်စွမ်း ရှိပါတယ်။ ၎င်းတို့ထဲမှာ (၁၁) မျိုးနဲ့ကတော့ ဆိုးဆိုးရွားရွား ဓာတ်ပြုလေ့ရှိတာကြောင့် ဆေးသောက်နေရတဲ့သူတွေဟာ ကဖိန်းကို သတိထားပြီးသာ သောက်သုံးသင့်ပါတယ်။

 

* သိသာထင်ရှားတဲ့ ဓာတ်ပြုမှုများ

            ကဖိန်းနှင့်အတူ ရောသောက်မိပါက ပြင်းပြင်းထန်ထန် ဓာတ်ပြုလေ့ရှိတဲ့ ဆေးဝါးအချို့မှာ -

(၁)        အရက်ဖြတ်ရာတွင် အသုံးပြုသောဆေးဝါးများ - Disulfiram ကို ကဖိန်းနှင့်အတူတွဲ၍ သောက်သုံးပါက ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ပါတယ်။

♦ Disulfiram (Antabuse)

 

(၂)        နှလုံးခုန် မမှန်ရာတွင် အသုံးပြုသောဆေးဝါးများ - ကဖိန်းဓာတ်သည် ၎င်းဆေးများ၏ အာနိသင်ကို ပျက်ပြယ်စေနိုင်တာကြောင့် နှလုံးဆေးများ သောက်သုံးနေစဉ်တွင် ကဖိန်းကို ရှောင်ကြဉ်သင့်ပါတယ်။

♦ Adenosine (Adenocard)

 

(၃)        ပဋိဇီ၀ဆေးဝါးများ - အချို့သော ပဋိဇီ၀ဆေးဝါးများ (အထူးသဖြင့် quinolone အုပ်စု) သည် ကဖိန်းရဲ့ ဇီ၀ဖြစ်စဉ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရတတ်ပါတယ်။

♦ Ciprofloxacin (Cipro)

♦ Enoxacin (Penetrex)

♦ Norfloxacin (Chibroxin, Noroxin)

♦ Sparfloxacin (Zagam)

♦ Trorafloxacin (Trovan)

♦ Grepafloxacin (Raxar)

 

(၄)        စိတ်ကျရောဂါ ကုသရာတွင် အသုံးပြုသောဆေးဝါးများ - ၎င်းဆေးများသည် ကဖိန်းဓာတ်ကို ပိုမိုလှုံ့ဆော်နိုင်တာကြောင့် အတူတကွ သောက်သုံးပါက သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကယောက်ကယက်ဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

♦ MAOI ဆေးများ - phenelzine (Nardil), Tranylogpromine (Parnate)

♦ Fluvoxamine (Luvox)

 

(၅)        အနာကျက်ဆေးများ - ပြည်တည်နာများကို ကုသရာတွင် အသုံးပြုတဲ့ဆေးတွေဟာ ကဖိန်းရဲ့ ဇီ၀ဖြစ်စဉ်နဲ့ စွန့်ထုတ်မှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ပါတယ်။

♦ Cimetidine (Tagamet)

 

(၆)        သွေးကျဲဆေးများ - လေ့ကျင့်ခန်း ပြုလုပ်၍ နှလုံး၏လုပ်ငန်းဆောင်တာများကို စစ်ဆေးတဲ့ စမ်းသပ်မှု ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိတဲ့ dipyridamoleဆေးရဲ့ အစွမ်းအာနိသင်ကို ကဖိန်းဓာတ်က အနှောင့်အယှက် ပေးနိုင်တာကြောင့် အနည်းဆုံး (၂၄) နာရီခြားပြီးမှသာ ကဖိန်းကို သောက်သုံးသင့်ပါတယ်။

♦ Dipyridamole (Persantine)

 

(၇)        စိတ်ရောဂါကုသရာတွင် အသုံးပြုသောဆေးဝါးများ - ကဖိန်းဓာတ်သည် ဦးနှောက်ပိုင်းဆိုင်ရာ ဆေးဝါးများ၏ လုပ်ငန်းဆောင်တာပေါ်တွင် အကျိုးသက်ရောက်မှုရှိတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရစေနိုင်ပါတယ်။

♦ Clozapine (Clozaril)

 

(၈)        လေပြွန်ကျယ်ဆေးများ - ၎င်းဆေးများက ကဖိန်း၏အစွမ်းသတ္တိနှင့် ဆင်တူယိုးမှား ဖြစ်နေတဲ့အပြင် ဆေးဝါးစွန့်ထုတ်မှုကို ကဖိန်းက လျော့ကျစေနိုင်တာကြောင့် ခန္ဓာကိုယ်ထဲတွင် ဆေးပမာဏ မြင့်မားလာပြီး ဘေးထွက်ဆိုးကျိုးများကို ခံစားရစေပါတယ်။

♦ Theophylline (Aerolate, Slo-bid, The-Dur)

 

(၉)        နှလုံးရောဂါ ကုသရာတွင် အသုံးပြုသောဆေးဝါးများ (Calcium Channel Blocker) - ကဖိန်းသည် ၎င်းဆေးဝါးများ၏ ဇီ၀ဖြစ်စဉ်ကို လျှော့ချလိုက်တာကြောင့် ကဖိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတာတွေကို ပိုမိုခံစားရနိုင်ပါတယ်။

♦ Verapamil (Calan, Covera, IsoptinVerelan)

 

(၁၀)      သွေးခဲနှုန်းကို လျှော့ချနိုင်သောဆေးဝါးများ - ကဖိန်းကိုယ်တိုင်က သွေးခဲနှုန်းကို နှေးကွေးစေတာကြောင့် ၎င်းဆေးဝါးများနဲ့အတူ တွဲသောက်ပါက သွေးထွက်ချိန်ကို ပိုမိုကြာရှည်စေပါတယ်။ ဒါကြောင့် သွေးထွက်ခြင်း၊ သွေးခြေဥခြင်းစတဲ့ လက္ခဏာတွေ ရှိ၊ မရှိကို စောင့်ကြည့်ဖို့ လိုပါတယ်။

♦ Aspirin

♦ Clopidogrel (Plavix)

♦ Didofenac (Voltaren, Cataflam, others)

♦ Ibuprofen (Advil, Motrin, others)

♦ Naproxen (Anaprox, Aleve, Naprosyn, others)

♦ Dalteparin (Fragmln)

♦ Enoxaparin (Lovenox)

♦ Heparin

♦ Wafarin (Caumadin)

 

(၁၁)      အမျိုးသမီးဟော်မုန်းဆေး (အီစထရိုဂျင်) - အီစထရိုဂျင် ပါ၀င်တဲ့ ပဋိသနေ္ဓတားဆေးများနဲ့ ဟော်မုန်းဖြည့်စွက်ဆေးများသည် ကဖိန်းရဲ့ စွန့်ထုတ်နိုင်မှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ကဖိန်းနဲ့အတူတွဲ၍ သောက်သုံးပါက ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ ပိုမိုခံစားရနိုင်ပါတယ်။

♦ Conjugated equine estrogens (Premarin)

♦ Ethinyl estradiol

♦ Estradiol

 

(၁၂)      လစ်သီယမ် - ကဖိန်းသည် လစ်သီယမ်ရဲ့ ဇီ၀ဖြစ်စဉ်နဲ့ စွန့်ထုတ်မှုကို ပိုမိုမြန်ဆန်စေနိုင်တာကြောင့် နေ့စဉ် ကဖိန်းသောက်သုံးမှုကို ဖြည်းဖြည်းချင်း လျှော့ချသင့်ပါတယ်။ ကဖိန်းသောက်သုံးခြင်းကို ရုတ်တရက်ရပ်လိုက်ပါက ဘေးထွက်ဆိုးကျိုးများကိုပါ ပိုမိုခံစားရနိုင်ပါတယ်။

 

(၁၃)      စိတ်ငြိမ်ဆေးများ - ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများနဲ့ တွဲ၍သောက်သုံးပါက ၎င်းဆေးဝါးများရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။

♦ Pentobarbita (Nembutal)

 

(၁၄)      စိတ်ကြွဆေးများ - ကဖိန်းသည် ခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်စွမ်းရှိတာကြောင့် စိတ်ကြွဆေးများနဲ့ အတူတကွ သောက်သုံးမိပါက နှလုံးရောဂါနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကဖိန်းကို မည်သည့်စိတ်ကြွဆေးနှင့်မဆို တွဲဖက်၍ မသောက်သုံးသင့်ပါ။

♦ Ephedrine

♦ Diethylpropion (Tenuate)

♦ Epinephrine

♦ Phentermine (lonamin)

♦ Pseudoephedrine (Sudafed)

♦ Phenylpropanolamine ကဲ့သို့ စိတ်ကြွနိုင်စွမ်းရှိသော အခြားဆေးဝါးများ

 

(၁၅)      အခြားဆေးဝါးများ - ကဖိန်းနှင့် ဓာတ်ပြုနိုင်သော အခြားအရာများမှာ -

♦ အရက်

♦ အခြားကိုယ်၀န်ဆောင်တားဆေးများ

♦ Fluconozole (Diflucan)

♦ ဆီးချိုရောဂါကုသရာတွင် အသုံးပြုသောဆေးဝါးများ

♦ Mexiletine (Mexitil)

♦ Terbinafine (Lamisil)

အထက်ပါ ဆေးဝါးများစာရင်းတွင် မပါ၀င်သော်လည်း ကဖိန်းနှင့် ဓာတ်ပြုနိုင်သော ဆေးအမြောက်အမြား ရှိနေပါသေးတယ်။ ဒါကြောင့် မိမိသောက်သုံးနေသောဆေးများနဲ့ ပတ်သက်၍ ဆရာ၀န်ထံမှ အကြံဉာဏ် ရယူနိုင်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com