ကဖိန်းနှင့် ဓာတ်ပြုသော ဆေးဝါးများ
ကဖိန်းဟာ အစားအသောက် တော်တော်များများမှာ ပါ၀င်လေ့ရှိပြီး ဆေးဝါး (၈၂) မျိုးနှင့် ဓာတ်ပြုနိုင်စွမ်း ရှိပါတယ်။ ၎င်းတို့ထဲမှာ (၁၁) မျိုးနဲ့ကတော့ ဆိုးဆိုးရွားရွား ဓာတ်ပြုလေ့ရှိတာကြောင့် ဆေးသောက်နေရတဲ့သူတွေဟာ ကဖိန်းကို သတိထားပြီးသာ သောက်သုံးသင့်ပါတယ်။
* သိသာထင်ရှားတဲ့ ဓာတ်ပြုမှုများ
ကဖိန်းနှင့်အတူ ရောသောက်မိပါက ပြင်းပြင်းထန်ထန် ဓာတ်ပြုလေ့ရှိတဲ့ ဆေးဝါးအချို့မှာ -
(၁) အရက်ဖြတ်ရာတွင် အသုံးပြုသောဆေးဝါးများ - Disulfiram ကို ကဖိန်းနှင့်အတူတွဲ၍ သောက်သုံးပါက ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ပါတယ်။
♦ Disulfiram (Antabuse)
(၂) နှလုံးခုန် မမှန်ရာတွင် အသုံးပြုသောဆေးဝါးများ - ကဖိန်းဓာတ်သည် ၎င်းဆေးများ၏ အာနိသင်ကို ပျက်ပြယ်စေနိုင်တာကြောင့် နှလုံးဆေးများ သောက်သုံးနေစဉ်တွင် ကဖိန်းကို ရှောင်ကြဉ်သင့်ပါတယ်။
♦ Adenosine (Adenocard)
(၃) ပဋိဇီ၀ဆေးဝါးများ - အချို့သော ပဋိဇီ၀ဆေးဝါးများ (အထူးသဖြင့် quinolone အုပ်စု) သည် ကဖိန်းရဲ့ ဇီ၀ဖြစ်စဉ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရတတ်ပါတယ်။
♦ Ciprofloxacin (Cipro)
♦ Enoxacin (Penetrex)
♦ Norfloxacin (Chibroxin, Noroxin)
♦ Sparfloxacin (Zagam)
♦ Trorafloxacin (Trovan)
♦ Grepafloxacin (Raxar)
(၄) စိတ်ကျရောဂါ ကုသရာတွင် အသုံးပြုသောဆေးဝါးများ - ၎င်းဆေးများသည် ကဖိန်းဓာတ်ကို ပိုမိုလှုံ့ဆော်နိုင်တာကြောင့် အတူတကွ သောက်သုံးပါက သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကယောက်ကယက်ဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
♦ MAOI ဆေးများ - phenelzine (Nardil), Tranylogpromine (Parnate)
♦ Fluvoxamine (Luvox)
(၅) အနာကျက်ဆေးများ - ပြည်တည်နာများကို ကုသရာတွင် အသုံးပြုတဲ့ဆေးတွေဟာ ကဖိန်းရဲ့ ဇီ၀ဖြစ်စဉ်နဲ့ စွန့်ထုတ်မှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ပါတယ်။
♦ Cimetidine (Tagamet)
(၆) သွေးကျဲဆေးများ - လေ့ကျင့်ခန်း ပြုလုပ်၍ နှလုံး၏လုပ်ငန်းဆောင်တာများကို စစ်ဆေးတဲ့ စမ်းသပ်မှု ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိတဲ့ dipyridamoleဆေးရဲ့ အစွမ်းအာနိသင်ကို ကဖိန်းဓာတ်က အနှောင့်အယှက် ပေးနိုင်တာကြောင့် အနည်းဆုံး (၂၄) နာရီခြားပြီးမှသာ ကဖိန်းကို သောက်သုံးသင့်ပါတယ်။
♦ Dipyridamole (Persantine)
(၇) စိတ်ရောဂါကုသရာတွင် အသုံးပြုသောဆေးဝါးများ - ကဖိန်းဓာတ်သည် ဦးနှောက်ပိုင်းဆိုင်ရာ ဆေးဝါးများ၏ လုပ်ငန်းဆောင်တာပေါ်တွင် အကျိုးသက်ရောက်မှုရှိတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရစေနိုင်ပါတယ်။
♦ Clozapine (Clozaril)
(၈) လေပြွန်ကျယ်ဆေးများ - ၎င်းဆေးများက ကဖိန်း၏အစွမ်းသတ္တိနှင့် ဆင်တူယိုးမှား ဖြစ်နေတဲ့အပြင် ဆေးဝါးစွန့်ထုတ်မှုကို ကဖိန်းက လျော့ကျစေနိုင်တာကြောင့် ခန္ဓာကိုယ်ထဲတွင် ဆေးပမာဏ မြင့်မားလာပြီး ဘေးထွက်ဆိုးကျိုးများကို ခံစားရစေပါတယ်။
♦ Theophylline (Aerolate, Slo-bid, The-Dur)
(၉) နှလုံးရောဂါ ကုသရာတွင် အသုံးပြုသောဆေးဝါးများ (Calcium Channel Blocker) - ကဖိန်းသည် ၎င်းဆေးဝါးများ၏ ဇီ၀ဖြစ်စဉ်ကို လျှော့ချလိုက်တာကြောင့် ကဖိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတာတွေကို ပိုမိုခံစားရနိုင်ပါတယ်။
♦ Verapamil (Calan, Covera, IsoptinVerelan)
(၁၀) သွေးခဲနှုန်းကို လျှော့ချနိုင်သောဆေးဝါးများ - ကဖိန်းကိုယ်တိုင်က သွေးခဲနှုန်းကို နှေးကွေးစေတာကြောင့် ၎င်းဆေးဝါးများနဲ့အတူ တွဲသောက်ပါက သွေးထွက်ချိန်ကို ပိုမိုကြာရှည်စေပါတယ်။ ဒါကြောင့် သွေးထွက်ခြင်း၊ သွေးခြေဥခြင်းစတဲ့ လက္ခဏာတွေ ရှိ၊ မရှိကို စောင့်ကြည့်ဖို့ လိုပါတယ်။
♦ Aspirin
♦ Clopidogrel (Plavix)
♦ Didofenac (Voltaren, Cataflam, others)
♦ Ibuprofen (Advil, Motrin, others)
♦ Naproxen (Anaprox, Aleve, Naprosyn, others)
♦ Dalteparin (Fragmln)
♦ Enoxaparin (Lovenox)
♦ Heparin
♦ Wafarin (Caumadin)
(၁၁) အမျိုးသမီးဟော်မုန်းဆေး (အီစထရိုဂျင်) - အီစထရိုဂျင် ပါ၀င်တဲ့ ပဋိသနေ္ဓတားဆေးများနဲ့ ဟော်မုန်းဖြည့်စွက်ဆေးများသည် ကဖိန်းရဲ့ စွန့်ထုတ်နိုင်မှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ကဖိန်းနဲ့အတူတွဲ၍ သောက်သုံးပါက ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ ပိုမိုခံစားရနိုင်ပါတယ်။
♦ Conjugated equine estrogens (Premarin)
♦ Ethinyl estradiol
♦ Estradiol
(၁၂) လစ်သီယမ် - ကဖိန်းသည် လစ်သီယမ်ရဲ့ ဇီ၀ဖြစ်စဉ်နဲ့ စွန့်ထုတ်မှုကို ပိုမိုမြန်ဆန်စေနိုင်တာကြောင့် နေ့စဉ် ကဖိန်းသောက်သုံးမှုကို ဖြည်းဖြည်းချင်း လျှော့ချသင့်ပါတယ်။ ကဖိန်းသောက်သုံးခြင်းကို ရုတ်တရက်ရပ်လိုက်ပါက ဘေးထွက်ဆိုးကျိုးများကိုပါ ပိုမိုခံစားရနိုင်ပါတယ်။
(၁၃) စိတ်ငြိမ်ဆေးများ - ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများနဲ့ တွဲ၍သောက်သုံးပါက ၎င်းဆေးဝါးများရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
♦ Pentobarbita (Nembutal)
(၁၄) စိတ်ကြွဆေးများ - ကဖိန်းသည် ခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်စွမ်းရှိတာကြောင့် စိတ်ကြွဆေးများနဲ့ အတူတကွ သောက်သုံးမိပါက နှလုံးရောဂါနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကဖိန်းကို မည်သည့်စိတ်ကြွဆေးနှင့်မဆို တွဲဖက်၍ မသောက်သုံးသင့်ပါ။
♦ Ephedrine
♦ Diethylpropion (Tenuate)
♦ Epinephrine
♦ Phentermine (lonamin)
♦ Pseudoephedrine (Sudafed)
♦ Phenylpropanolamine ကဲ့သို့ စိတ်ကြွနိုင်စွမ်းရှိသော အခြားဆေးဝါးများ
(၁၅) အခြားဆေးဝါးများ - ကဖိန်းနှင့် ဓာတ်ပြုနိုင်သော အခြားအရာများမှာ -
♦ အရက်
♦ အခြားကိုယ်၀န်ဆောင်တားဆေးများ
♦ Fluconozole (Diflucan)
♦ ဆီးချိုရောဂါကုသရာတွင် အသုံးပြုသောဆေးဝါးများ
♦ Mexiletine (Mexitil)
♦ Terbinafine (Lamisil)
အထက်ပါ ဆေးဝါးများစာရင်းတွင် မပါ၀င်သော်လည်း ကဖိန်းနှင့် ဓာတ်ပြုနိုင်သော ဆေးအမြောက်အမြား ရှိနေပါသေးတယ်။ ဒါကြောင့် မိမိသောက်သုံးနေသောဆေးများနဲ့ ပတ်သက်၍ ဆရာ၀န်ထံမှ အကြံဉာဏ် ရယူနိုင်ပါတယ်။
Dr. Thinzar Wynn






























