/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်မျက်နှာကို-မထိမကိုင်ဘဲ-မနေနိုင်တာ-ဘာကြောင့်ပါလိမ့်

ကိုယ့်မျက်နှာကို မထိမကိုင်ဘဲ မနေနိုင်တာ ဘာကြောင့်ပါလိမ့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ အများစုအနေနဲ့ မျက်နှာကိုအကြောင်းမရှိဘဲ မကြာခဏ ကိုင်မိနေလေ့ရှိတာကို သတိထားမိပါလိမ့်မယ်။ လေ့လာချက်များအရ လူတွေဟာ တစ်နာရီမှာ ၂၃ ခါလောက်တော့ လက်ဖြင့် မျက်နှာကို ထိတွေ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ သာမန်အချိန်မှာ ပြဿနာမဟုတ်ပေမယ့်လို့ အခုလို Covid-19 ကပ်ဖြစ်နေစဉ်မှာ ကြောက်စရာအကျင့်ဆိုးတစ်ခု ဖြစ်ပါလိမ့်မယ်။
မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေဟာ ရောဂါပိုးတွေ ဝင်ရောက်မယ့် အဓိကလမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ အခုဖြစ်ပေါ်လျက်ရှိတဲ့ Covid-19 ဗိုင်းရပ်စ်ဟာ ရောဂါရှိသူတစ်ဦး နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကနေတစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ရောဂါရှိသူတစ်ဦးနဲ့ နီးကပ်စွာနေပြီနောက် လက်မဆေးဘဲ မျက်နှာကို ကိုင်တွယ်မိပါက ကူးစက်နိုင်ပါတယ်။
ကျွန်မတို့ဟာ မျက်နှာကို မကိုင်တွယ်ရမနေနိုင်အောင် ဖြစ်ရတဲ့အကြောင်းရင်းကို သိပ္ပံပညာအရ ဖြေရှင်းချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
●   မျက်နှာကိုလက်ဖြင့် ကိုင်ခြင်းဟာ သူ့အလိုလိုဖြစ်တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ မျက်နှာယားတဲ့အခါ လက်နဲ့ကုတ်ခြစ်လိုက်ခြင်း၊ ထိတွေ့လိုက်ခြင်းဖြင့် အနည်းငယ် စိတ်သက်သာရာရပါတယ်။
●   မျက်နှာကို ကိုင်နေမိတာက အကျင့်တစ်ခုလည်း ဖြစ်တတ်ပါတယ်။
ဒါဟာ လက်ကိုင်ခြင်းလိုပဲ မကြာခဏ ပြုလုပ်နေတတ်တဲ့ အမူအကျင့်ဖြစ်ပြီး ဦးနှောက်ရှိ အာရုံကြောတွေကနေ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
●   စိတ်ပညာအရကတော့ မျက်နှာကိုကိုင်တွယ်ရတဲ့ အကြောင်းရင်းများစွာ ရှိနေပါတယ်။ ယားယံခြင်းကြောင့်၊ အလှအပဆိုင်ရာကြောင့် ကိုင်တွယ်ခြင်းအပြင် စိတ်ကိုပြေလျော့စေအောင်လည်း ကိုင်တွယ်တတ်ကြတယ်လို့ လေ့လာချက်များအရ သိရပါတယ်။ မျက်နှာကို လက်ဖြင့်ထိတွေ့ခြင်းဟာ ရင်တွင်းခံစားချက်နဲ့ စိတ်ခံစားမှုတွေကို အသံတိတ်ပြသနေတာလည်း ဖြစ်ပါတယ်။ ဥပမာ - သင်ဟာ အခြေအနေတစ်ခုကြောင့်  သက်သောင့်သက်သာ မဖြစ်တဲ့အခါ မျက်နှာကို ပွတ်မိလိုက်တာမျိုးပေါ့။

>>  မျက်နှာကို လက်ဖြင့် မကိုင်တွယ်မိအောင် လိုက်နာရမယ့်အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့ -
(၁)  အတွေးကိုပြောင်းပါ
ကိုယ့်ကို စိတ်သက်သာစေမယ့်အတွေးမျိုးကို တွေးပါ။ ငါ ဒီနေ့ မျက်နှာကို မကိုင်ဘူး ဆိုတာထက် ဒီနေ့ မျက်နှာကိုမကိုင်မိအောင် ပိုသတိထားမယ်လို့ တွေးသင့်ပါတယ်။ ဒါမှမဟုတ် ဖုန်းမှာ alarm message ပေးထားတာမျိုးလည်း လုပ်နိုင်ပါတယ်။

(၂)  ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ
မျက်နှာ ကိုင်ချင်တဲ့အချိန်မှာ တခြားပစ္စည်းတစ်ခုခုကို ကိုင်တာမျိုး ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါမျိုးမှာလည်း မျက်နှာကို ကိုင်မယ့်အစား အစားထိုးကိုင်ဖို့ ပစ္စည်းတွေကို စားပွဲပေါ် တင်ထားပါ။

(၃)  အကူပစ္စည်းများ (Accessories) အသုံးပြုပါ
ဆံပင်ရှည်သူများအနေနဲ့ ဆံပင်ကို စည်းပါ။ မျက်စိကို မပွတ်မိအောင် မျက်မှန်တပ်ပါ။ လက်အိတ်စွပ်ထားခြင်းဖြင့်လည်း မျက်နှာကိုလက်ဖြင့် ထိခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)