/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးထိခိုက်စေနိုင်သော-စိတ်ခံစားချက်-၅မျိုး

ကျန်းမာရေးထိခိုက်စေနိုင်သော စိတ်ခံစားချက် (၅)မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်၊ သဘောထားတွေဟာ ရောဂါဖြစ်စေနိုင်မှုအပေါ် များစွာဖိအား သက်ရောက်စေနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်မှာရှိတဲ့ နာဗ်ကြောအဖွဲ့အစည်းတွေဟာ ခန္ဓာကိုယ် အတွင်းရှိဟော်မုန်းတွေ၊ ဆဲလ်တွေ၊ အင်္ဂါအစိတ်အပိုင်းတို့နဲ့ ဆက်သွယ်နေတာကြောင့် စိတ်ခံစားချက်ဖြစ်ပေါ် မှုဟာကျန်းမာရေးချို့တဲ့ခြင်းနဲ့များစွာ ဆက်စပ်မှုရှိနေပါတယ်။ စိတ်ဆိုးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဟာ နှလုံးရောဂါဖြစ်နိုင်ချေကို အခွင့်အလမ်းများစေပါတယ်။ ဒါ့အပြင် စိတ်ထိခိုက်ခြင်းကြောင့်ဖြစ်ရတဲ့ ဘ၀ နေထိုင်မှုပုံစံမမှန်ခြင်းများဖြစ်သောအရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အစားစားချင်စိတ် မရှိခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်မယ့်် စိတ်ခံစားချက် (၅) မျိုးနဲ့အတူ ၎င်းတို့ကို ဘယ်လိုပြုပြင်ရမလဲဆိုတာတွေကိုပါ တွဲဖက် ဖော်ပြပေးလိုက်ပါတယ်။

1.       စိတ်အလိုမကျခြင်း

        စိတ်အလိုမကျခြင်း၊ ဒေါသထွက်ခြင်းတို့ဟာ အသည်းနဲ့သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။ အများအကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်လုပ်ကိုင်ပေးပါ။ စိတ်အလိုမကျတာတွေပျောက်ပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ နေ့စဉ် နံနက်တိုင်းရေနွေးထဲမှာ သံပုရာရည်၊ ပျားရည်တို့ကို ရောစပ်ကာသောက်ပေးခြင်း၊ အဆီများတဲ့၊ အစားအစာများကိုလျော့စားခြင်းတို့ကလည်း လန်းဆန်းစေပါတယ်။

2.       စိုးရိမ်ပူပန်ခြင်း

        စီးပွားရေးကိစ္စ၊ စာမေးပွဲကိစ္စ၊ အချစ်ရေးကိစ္စတွေဟာ စိုးရိမ်ပူပန်မှုကိုဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရာတွေပါ။ စိတ်ဖိစီးမှုများခြင်းဟာ ခန္ဓာကိုယ်အတွင်းရောဂါ၀င်ရောက်မှုကို လွယ်ကူစေ ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ကဖင်းဓာတ်ပါ၀င်အစားအစာ၊ သကြားပါ၀င်တဲ့အချိုကဲ အစားအစာတွေ စားသုံးမှုကို လျော့ချသင့်ပြီး စွပ်ပြုတ်ပူပူနွေးနွေးကဲ့သို့ အနွေးဓာတ်ကိုပေးစွမ်းနိုင်တဲ့ အစားအစာများကိုသာရွေးချယ်စားသုံးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ရေတွေ၊ အာဟာရဓာတ် ပြည့်၀တဲ့ အရည်တွေကို များများသောက်သုံးပေးပါ။ ယောဂ လေ့ကျင့်တာမျိုး၊ စိတ်တည်ငြိမ်အောင် တရားထိုင်တာမျိုးပြုလုပ်ပေးပါ။

3.       မိမိကိုယ်ကိုအပြစ်တင်ခြင်း

        မိမိကိုယ်ကို အပြစ်ရှိသလိုခံစားရချိန်မှာ “ငါတတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေစွန့်လွှတ်လိုက်တော့မယ်”ဆိုတဲ့ စိတ်ထားမျိုးမွေးပါ။ မြက်ခင်းပြင်ပေါ် လမ်းလျှောက်ပါ။ နံနက်ခင်း နေခြည်နွေးနွေးလေးရယူပါ။ သင့်ကိုစိတ်သောကရောက်စေမယ့် အကြောင်းအရာတွေကို တွေးတောခြင်း မပြုသင့်ပါ။

4.       ပူဆွေး၀မ်းနည်းခြင်း

        ဘယ်အကြောင်းကိစ္စမျိုးနဲ့မဆို ပူဆွေး၀မ်းနည်းသည်ဖြစ်စေ၊ စိတ်ထဲကြာကြာမထားပါနဲ့။ ယင်းခံစားချက်ကို ထိန်ချန်ထားကာရှေ့ ဆက်လျှောက်လှမ်းရမယ့်ဘ၀ခရီးလမ်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင် ရမလဲဆိုတာစီအစဉ်ချမှတ်ပါ။ စိတ်ပျော်ရွှင်မှုရစေမယ့်နေရာ တစ်နေရာကို ခွင့်ရက်ရှည်ယူပြီးခရီးထွက်ပေးပါ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ၊ အရွက်သုပ်တို့ကို များများစားပေးပါ။

5.       သည်းခံနိုင်စွမ်းမရှိခြင်း

        စိတ်ဆိုး၊ ဒေါသထွက်တယ်ဆိုတာ သည်းခံနိုင်မှုအတိုင်းအတာထက် ကျော်လွန်သွားခြင်းကြောင့်ဖြစ်ရပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ဒေါသထွက်လွယ်နေမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ ဒီလိုလူတွေအနေနဲ့ သည်းခံနိုင်စွမ်းမြင့်တက်လာဖို့ အကောင်းဆုံးနည်းကတော့ တရားထိုင်ပေးတာဖြစ်ပါတယ်။ တကယ်လို့ တရားမရှုမှတ်တတ်သေးရင် အေးချမ်းတိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း မျက်လုံးပိတ်ထိုင်ပြီး တခြား ဘာကိုမှမစဉ်းစားဘဲ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကိုပဲ အာရုံစိုက်ပေးထာပါ။ ဒေါသအိုးတွေစားသင့်တဲ့ အစားအစာတွေက အခွံမာသီး၊ အစေ့အဆန်၊ ငါး၊ သံလွင်ဆီနဲ့ ထောပတ်သီးတို့ပဲဖြစ်ပါတယ်။

CMS

www.drmyanmar.com