ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လိုအရည်မျိုးကို ဆောင်ထားသင့်သလဲ ... ဘယ်လိုသောက်သင့်သလဲ
အားဖြည့်သောက်သုံးဖို့ သင့်တော်မှန်ကန်တဲ့ အရည်အမျိုးအစားကို ရွေးချယ်နိုင်တာဟာ အားအင်ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေ့ကျင့်ခန်းအတွက် အထူးလိုအပ်ပါတယ်။
>> ဘာသောက်သင့်သလဲ စဉ်းစားကြတဲ့အခါ ...
တစ်နာရီအတွင်း လေ့ကျင့်ခန်းလုပ်ရင်တော့ ရေကလွဲပြီး ကျန်တာ အထွေအထူး မလိုတတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းကြာကြာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရေဓာတ်ရော၊ ဆားဓာတ်ရော ဖြည့်တင်းပေးဖို့ လိုလာပါပြီ။ ရေနဲ့ ဆားဓာတ် ညီညွတ်မျှတနေတာကလည်း ကောင်းမွန်တဲ့ နှလုံးကျန်းမာရေးအတွက် အဓိကကျလျက် ရှိပါတယ်။
>> ဘယ်လိုအရည်မျိုးကို ဆောင်ထားသင့်သလဲ? ဘယ်လိုသောက်သင့်လဲ ကြည့်ကြရအောင် ...
● ရေသောက်တဲ့အခါ သဘာဝရေသန့်လည်း ကောင်းပါတယ်။ ဒါပေမဲ့ ရေသန့်ကိုမှ လိမေ္မာ်ရည်လေး ညှစ်ထည့်လိုက်တာ၊ သံပရာရည်၊ ဂရိတ်ဖရုသီး အရည်လေးတွေနဲ့ ခပ်ကျဲကျဲ ရောစပ်လိုက်တာဟာ ပိုကောင်းတဲ့ အချိုဓာတ်နဲ့ အားဖြည့်ကယ်လိုရီတွေ ရစေပါတယ်။
● လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးပြီးချင်းမှာ ရေတွေ ဒလဟော သောက်တာကို ရှောင်ကြဉ်ပြီး အချိုရည် ခပ်ကျဲကျဲနဲ့ ရေကို နည်းနည်းချင်း တစ်ငုံစီ နာရီခြားပြီး သောက်သုံးတာက အန္တရာယ်ကင်းပါတယ်။
● လေ့ကျင်ခန်း လုပ်နေရင်း အိမ်သာဝင်၊ ဆီးသွားတဲ့အခါ အရောင်ကိုစစ်ပါ။ မျှမျှတတ သောက်သုံးမှ အဆင်ပြေပါမယ်။ လုံးဝကြည်လင်ပြီး အရောင်မရှိရင် ရေသောက်လွန်နေပြီး နည်းနည်းရဲနေရင် ရေပိုသောက်ဖို့ လိုနေပါပြီ။ အဝါဖျော့ဖျော့အရောင်ရှိမှ ကျန်းမာတဲ့အဆင့် ဖြစ်ပါတယ်။ ရေဓာတ်လွန်တာရော၊ လိုတာရောက နှလုံးအတွက် မကောင်းဘူးနော်။
● ရေ သိပ်ဆာလာရင်တော့ သေချာနားပြီးမှ တစ်ငုံချင်း ဖြည်းဖြည်းသောက်ပါ။ ရေဆာနေပါလျက် ပေပြီး ဆက်မဆော့သင့်ပါဘူး။ ရေဓာတ်လိုလာရင် ဖြည့်ကို ဖြည့်ပေးရပါမယ်။
● သီးစုံဓာတ်ဆားလိုမျိုး ရေနဲ့ဓာတ်ဆား အချိုးကျပါဝင်တဲ့ ဖျော်ရည်တွေဟာ ပူပူလောင်လောင် ရာသီအတွက် အသင့်တော်ဆုံးပါ။
● အားကစားလုပ်နေတုန်း ကော်ဖီအေးတွေ၊ အသီးဖျော်ရည်တွေ မသောက်ပါနဲ့။ အုန်းရေကြည်လိုမျိုး ရေထဲကို သံပရာသီးတစ်စိတ် ပစ်ထည့်ထားတဲ့ ရေလိုမျိုးက လန်းဆန်းစေပြီး ကျန်းမာရေး ပိုကောင်းလာစေပါတယ်။ အရည်ကျဲကျဲ သောက်ပါ။
● လေ့ကျင်ခန်း မစမှီဆိုရင် ကော်ဖီ၊ လက်ဖက်ရည် သောက်လို့ရပါတယ်။ မစခင် သောက်ထားရင် ပိုလန်းဆန်းပြီး တက်ကြွစေပါသတဲ့။ လုပ်နေတုန်းတော့ မသောက်ပါနဲ့။
● ချွေးထွက်လွန်လေ ဓာတ်ဆား လိုအပ်ချက်ပမာဏ များလေပါပဲ။ ပြင်းပြင်းထန်ထန် အားကစားလုပ်သူ မောင်မယ်တွေမှာ ဓာတ်ဆားသောက်ဖို့ လိုလေ့ရှိပါတယ်။ ချွေးထွက်လွန်လာမှန်း သတိထားမိတဲ့အခါ ချက်ချင်း တစ်ထုပ်လောက် ရေသန့်ဘူးနဲ့ လတ်လတ်ဆတ်ဆတ် ဖျော်စပ်သောက်သုံးရင် အဆင်ပြေပါပြီ။
>> ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေသောက်နည်းဆိုတာ ...
● လေ့ကျင့်ခန်း မလုပ်ခင် နှစ်နာရီကနေ သုံးနာရီကြားမှာ ရေနှစ်ခွက် သောက်ပါ။
● လေ့ကျင်ခန်း လုပ်နေတုန်း တစ်ခွက် သို့မဟုတ် ခွက်တစ်ဝက်ခန့် တစ်ငုံချင်း ဖြည်းဖြည်း သောက်သုံးပေးပါ။ ချွေးထွက်လွန်ရင် လွန်သလို ဓာတ်ဆားနဲ့ ရေ အချိုးကျ ဖြည့်တင်းပေးရမှာပါ။
● လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ်အကြာ ရေတစ်ခွက် သောက်ပါ။ ပြီးမှ အမောဖြေရင်း တဖြည်းဖြည်း ဆက်သောက်ပါ။
>> လူတိုင်းအတွက် အလွန်သင့်တော်တဲ့ အားကစားဖျော်ရည်လေးတစ်မျိုးကတော့ ဒီမှာပါ ...
● သကြား ၈ ဇွန်း
● ပျားရည် ၂ ဇွန်း
● ဆားဇွန်းတစ်ဝက်
● သံပရာရည် ၁ ဇွန်း
● ရေ ၃ ဖန်ခွက်
ဒါတွေကိုရောစပ်ပြီး အနှိုင်းမဲ့ဖျော်ရည်လေး ဖန်တီးသောက်သုံးကြည့်ပါ။ အားလည်းဖြစ်၊ စွမ်းအင်လည်းရ၊ အရသာလည်း ချိုချိုအေးအေးလေးနဲ့ လန်းသွားစေမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















