ကိုရိုနာကဲ့သို့ အသက်ရှူလမ်းကြောင်းရောဂါတွေက ကာကွယ်ဖို့ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သူတွေမှာ ကိုရိုနာနှင့် အခြားအသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်နိုင်ချေနှင့် ရောဂါကြောင့် သေဆုံးနိုင်ချေ ပိုများပါတယ်။ အထူးသဖြင့် အခုလိုကပ်ရောဂါအသွင် ဖြစ်နေချိန်မှာ ဆေးလိပ်သောက်သူတွေအတွက် အန္တရာယ်ပိုများပါတယ်။
ထို့အပြင် ဆေးလိပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါတွေဖြစ်တဲ့ အဖြစ်များတဲ့ အဆုတ်ကင်ဆာနဲ့ အခြားအဆုတ်ရောဂါတွေ ဖြစ်နိုင်ချေနှင့် နှလုံးရောဂါနဲ့ လေဖြတ်မှုကြောင့် သေဆုံးနိုင်ချေ ပိုများပါတယ်။
ဘယ်အရွယ်မှာမဆို ဆေးလိပ်ဖြတ်တာနဲ့ အကျိုးကျေးဇူးရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာောတ့ ကလေးကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ဖို့ လိုကိုလိုပါတယ်။
ဆေးလိပ်ဖြတ်တဲ့အခါမှာ မဖြတ်နိုင်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကြောင့်ပါ။ ဆေးလိပ်သောက်လေ့ရှိတဲ့ လူအများစု နီကိုတင်းစွဲနေပြီးတော့ ဖြတ်လိုက်တဲ့အချိန်မှာ နီကိုတင်းပြတ်တဲ့လက္ခဏာတွေကို ခံစားရပါတယ်။
>> နီကိုတင်းပြတ်ရင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့ -
● ဆေးလိပ်သောက်ချင်စိတ် အရမ်းဖြစ်တာ
● ဂဏှာမငြိမ်၊ စိုးရိမ်ပူပန်၊ စိတ်ကျဆင်းခြင်းတွေ ခံစားရတာ
● ခေါင်းကိုက်ခြင်း
● အာရုံစိုက်ရခက်ခြင်း
● အိပ်ပျော်ဖို့ခက်ခြင်း
● အစာစားချင်စိတ် ယာယီတက်လာပြီးတော့ ကိုယ်အလေးချိန်တွေတက်လာတာတွေ ဖြစ်တတ်ပါတယ်။
>> ကုထုံးများ
● ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာက တစ်ကြိမ်တည်းနဲ့ မအောင်မြင်တတ်ဘဲ ထပ်ခါထပ်ခါ ကြိုးစားရတတ်ပါတယ်။
● တစ်နည်းနဲ့ မအောင်မြင်ရင် ကိုယ်နဲ့သင့်တော်မယ့် နောက်တစ်နည်းပြောင်းပြီး ကြိုးစားကြည့်ပါ။
● ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဆိုရင်တော့ ဆေးလိပ်ဖြတ်မယ့်နေ့ကို သေချာသတ်မှတ်ပြီးတော့ လိုက်နာပါ။ ကိုယ့်ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို ဆေးလိပ်ဖြတ်တော့မယ်ဆိုတာကို ပြောပြပြီးတော့ သူတို့ရဲ့ထောက်ပံ့ပေးမှုကို ရယူပါ။ အိမ်၊ ကား၊ အလုပ်အားလုံးမှာ ဆေးလိပ်နဲ့ ပတ်သက်တာတွေအားလုံးကို ဖယ်ရှားထားပါ။ ဆေးလိပ်ဖြတ်မယ်လို့ သတ်မှတ်ထားတဲ့ရက် မတိုင်ခင် နှစ်ပတ်မှာ ဒီနေရာတွေမှာ ဆေးလိပ်မသောက်မိအောင် နေပါ။
● ဆေးလိပ်ဖြတ်တဲ့အခါမှာ တစ်ဖွာလောက်တောင်မှ မဖွာတော့ဘဲနဲ့ လုံးဝရပ်လိုက်တာက အကောင်းဆုံးပါပဲ။
● အရင်က ဆေးလိပ်သောက်ဖူးတဲ့ အခြေအနေတွေ၊ နေရာတွေမှာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားထားပါ။
● ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာရင် ဘာလုပ်လို့ရတယ်ဆိုတာကို သိအောင်လုပ်ထားပါ။ ရေသောက်တာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ စတဲ့ စိတ်ပြောင်းစေမယ့် အရာတစ်ခုခုလုပ်ပါ။ ဆေးလိပ်သောက်ချင်စိတ် အရမ်းပြင်းပြတာက မိနစ်အနည်းငယ်ပဲ ကြာတဲ့အတွက် ဒီအချိန်ကို ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။
● ဆေးလိပ် မသောက်မိအောင်လို့ နီကိုတင်းအစားထိုးပစ္စည်းတွေကို အမြဲဆောင်ထားပါ။
● ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ ပြဿနာတွေကို မိသားစု၊ မိတ်ဆွေ၊ ဆရာဝန်တွေကို ပြောပြပြီးတော့ လိုအပ်ရင် အကြံဉာဏ်ရယူပါ။
● ဒါတောင် ဆေးလိပ်ဖြတ်ဖို့ ခက်နေသးတယ်ဆိုရင်တော့ ဆရာဝန်က အကူအညီဖြစ်နိုင်တဲ့ဆေးတွေကို ညွှန်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















