ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထများ
လူတိုင်းကတော့ ကျန်းမာချင်ကြတာချည်းပါပဲ။ တချို့ကျတော့လည်း ကျန်းမာဖို့အတွက်ဆိုပြီး လုပ်လိုက်တဲ့အရာအချို့ကြောင့် မကျန်းမာဘဲနဲ့ ပိုဆိုးသွားတာတွေ ဖြစ်တတ်တယ်နော်။ ဒီတော့ ဆောင်နိုင်၊ ရှောင်နိုင်ဖို့အတွက် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. ရုံးအလုပ်လုပ်ခြင်း
ရုံးသမားတွေက တစ်နေကုန် စားပွဲမှာထိုင်ပြီး အလုပ်လုပ်ကြရတဲ့အခါမှာ နောက်ကျော၊ ခါးနဲ့ စွမ်းအင်ပမာဏတွေအပေါ်မှာ သွားပြီး ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ အထိုင်များတာက အသက်တိုစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မတ်တပ်ရပ်ပြီး အလုပ်လုပ်လို့ရတဲ့ စားပွဲခုံတွေထားထားတာ၊ အလုပ်ကနေ မကြာခဏ နားပြီးတော့ အနီးအနားမှာ လမ်းလျှောက်ပေးတာ၊ ဥပမာ - ရေထပြီးတော့ ခပ်တာလိုမျိုးလေးတွေ လုပ်ပေးပါ။
2. အလုပ်စားပွဲမှာပဲ ထမင်းစားခြင်း
အလုပ်စားပွဲမှာပဲထိုင်ပြီး နေ့လယ်စာလေးကို ဖွင့်စားလိုက်တာက အစာပုံမှန်ထက် ပိုစားမိစေတယ်ဆိုတာကို သိပါသလား။ အလုပ်လုပ်ရင်း တစ်ခုခုလုပ်ရင်း စားတဲ့အခါမှာ ဗိုက်ပြည့်တာကို သတိမထားမိဘဲ ဆက်စားနေမိစေပါတယ်။ ဒီတော့ အစာစားဖို့ ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်သပ်သပ်ယူပြီးတော့ အစားအစာကိုပဲ အာရုံစိုက်ပြီး သေချာစားပေးပါ။
3. ပန်းကန်ဆေး ရေမြှုပ်ဝတ်တွေကို လဲသင့်သလောက် မလဲခြင်း
ပန်းကန်ဆေးရေမြှုပ်တွေကို ၂ ပတ်တစ်ခါလောက် လဲပေးသင့်ပါတယ်။
4. လက်သည်းကိုက်ခြင်း
လက်သည်းမှာ ပိုးတွေ ဘယ်လောက်တောင်ရှိသလဲ သိပါသလား။ ဥပမာတစ်ခု ပြောပြရရင် လေ့လာမှုတစ်ခုအရ လက်သည်းကိုက်တဲ့သူတွေရဲ့ 76% လောက်မှာ E.coli လိုမျိုး ပိုးတွေ တွေ့ရတာ များပါသတဲ့။
5. Low fat အဆီနည်းတယ်လို့ အညွှန်းမှာပါတဲ့ အစားအစာတွေကိုပဲ ရွေးဝယ်ခြင်း
အများစုက အညွှန်းမှာ low fat လို့ပါရင် ကျန်းမာရေးနဲ့ ညီတယ်လို့ပဲထင်ပြီး ဝယ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း low fat လို့သာ ရေးထားပေမယ့် အများအားဖြင့်တော့ ဓာတုပစ္စည်းတွေ၊ ပြုပြင်ထားတဲ့ ဂျုံမှုန့်တွေ၊ သကြားတွေ၊ ဆိုဒီယမ်တွေနဲ့ပဲ လုပ်ထားလို့ ကျန်းမာရေးနဲ့ မညီပါဘူး။
6. Diet လို့ ပြောထားတဲ့ ဆိုဒါတွေကို သောက်နေခြင်း
Low fat ပါတိုင်း ကျန်းမာရေးနဲ့ မညီသလိုပဲ diet လို့ပြောတိုင်းလည်း ကျန်းမာရေးနဲ့ မညီပါဘူး။ တကယ်တမ်းကတော့ diet soda တွေက ဓာတုအချို့ဖြစ်တဲ့ aspartame ထည့်ထားပြီး ဒီဓာတ်က လူအများအပြားမှာ ခေါင်းကိုက်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဖြစ်စေတဲ့ ပြဿနာအများစုကို ဖြစ်စေပါတယ်။ ဒီလိုဆိုပြီး ရိုးရိုးဆိုဒါတွေလည်း မသောက်ပါနဲ့။ ရေသောက်တာ ကျန်းမာရေးအတွက် အကောင်းဆုံးပါ။
7. ညအိပ်ရာဝင် နောက်ကျပြီး နောက်နေ့မနက်စောစောထ လေ့ကျင့်ခန်းလုပ်ခြင်း
မနက်စောစောထပြီး လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း ည ၂ နာရီမှ အိပ်ရာဝင်ပြီးတော့ မနက် ၆ နာရီလောက်ထ လေ့ကျင့်ခန်းလုပ်တာကတော့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဒီတော့ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ညအိပ်ချိန်ကို ၇-၈ နာရီလောက် ရှိအောင်တော့ ဂရုစိုက်ပါ။
8. ပလတ်စတစ်ရေဘူးတွေနဲ့ ရေသောက်ခြင်း
ရေသောက်တာက ကျန်းမာရေးအတွက် အရမ်း အရေးကြီးပေမယ့်လည်း ပလတ်စတစ်ဘူးနဲ့ ရေ မသောက်ဖြစ်အောင်တော့ တတ်နိုင်သလောက် ရှောင်ပါ။ ပလတ်စတစ်ထဲမှာ Bisphenol လို့ခေါ်တဲ့ အဝလွန်ခြင်းနဲ့ တခြားဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ပလတ်စတစ်ဘူးတွေနဲ့ သောက်မယ့်အစား ရေပြန်ဖြည့်ပြီး သောက်လို့ရတဲ့ stainless steel ရေဘူးတွေနဲ့ သောက်ပါ။
9. အစာမြန်မြန်စားခြင်း
အစာစားတဲ့အခါမှာ ဦေးနှာက်ကနေပြီးတော့ ဗိုက်ပြည့်သွားပြီဆိုတာကို သိဖို့အတွက် မိနစ် ၂၀ လိုပါတယ်။ အစာ မြန်မြန်စားတဲ့သူတွေက ဗိုက်ပြည့်တာကို သတိမထားမိခင်မှာ အစာတွေ အများကြီး ပိုစားမိပြီးသား ဖြစ်သွားပါတယ်။ ဒီတော့ အစာစားတဲ့အခါမှာ ဖြည်းဖြည်းချင်း သေချာကြေညက်အောင် ဝါးစားပါ။
10. ဗိုက်တကယ် မဆာဘဲနဲ့ အပျင်းပြေစားခြင်း
ဗိုက်တကယ် မဆာဘဲနဲ့ ပါးစပ်ဆာတာနဲ့ အပျင်းပြေ သရေစာတွေ စားတာက ထင်ထားတာထက် ပိုဆိုးပါတယ်။ ဒါတွေ စားတာက ပိုပြီးတော့ လေးလံစေပြီးတော့ ဝစေနိုင်ပါတယ်။ ဒီတော့ သရေစာ တစ်ခုခု စားမယ်ကြံတိုင်းမှာ ကိုယ် တကယ်ဗိုက်ဆာလားဆိုတာကို သေချာပြန် ဆန်းစစ်ကြည့်ပါ။
11. နေလောင်ဒဏ်ခံခြင်း
နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါမှာ အရွယ်မတိုင်ခင် ပါးရည်တွန့်ခြင်း၊ အမည်းစက်နဲ့ အသားမည်းတာတွေအပြင် အရေးကြီးတဲ့အချက်အနေနဲ့ အရေပြားကင်ဆာ ဖြစ်စေပါတယ်။ နေပူထဲကို မဖြစ်မနေ ထွက်ရမယ်ဆိုရင်တောင်မှ နေကာခရင်မ် လိမ်းပြီးမှ ထွက်ပါ။
12. ညဘက် အရမ်းနောက်ကျမှ အစာစားခြင်း
ညအိပ်ချိန်နဲ့ အရမ်းနီးမှ အစာစားရင် အစာမကြေဖြစ်ပြီးတော့ အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။
13. မနက်စာ မစားခြင်း
အချိန်မရလို့ပဲဖြစ်ဖြစ်၊ ပိန်မယ်ထင်လို့ပဲဖြစ်ဖြစ် မနက်စာမစားဘဲ လုံးဝမနေပါနဲ့။ ဒါက ကိုယ်အလေးချိန် ထိန်းတဲ့နေရာမှာသာမကဘဲ စွမ်းအင်နဲ့ သွေးတွင်းသကြားဓာတ်တွေပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေပြီးတော့ တခြားအချိန်တွေမှာ ပိုစားမိစေပါတယ်။
14. သွားကို သွားပွတ်ကြိုးနဲ့ မပွတ်ဘဲနေခြင်း
သွားတိုက်တာရော သွားပွတ်ကြိုးနဲ့ ပွတ်ပေးတာရောက သွားကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ သွားပွတ်ကြိုးနဲ့ ပုံမှန်မပွတ်ပေးရင် သွားချေးတွေ တက်စေပြီးတော့ ခံတွင်းနံ့ကိုလည်း ဆိုးစေနိုင်ပါတယ်။
15. ရေလုံလောက်စွာ မသောက်ခြင်း
တစ်ခါတလေမှာ ရေသောက်ဖို့ကို မေ့နေပြီးတော့ ရေကို သောက်သင့်သလောက် မသောက်ဘဲ ဖြစ်တတ်ပါတယ်။ ရေဓာတ် ပြည့်ဝနေတာက မှတ်ဉာဏ်ကောင်းစေခြင်း၊ စိတ်ပါဝင်စားမှု ရှိစေခြင်း၊ ခံစားချက် ကောင်းစေခြင်းတွေအပြင် အစာစားချင်စိတ်ကိုပါ ကျစေပါတယ်။ ဒီတော့ ရေကို ဂရုစိုက်ပြီး သောက်ပေးပါ။
16. အိပ်ရာခင်း မလျှော်ခြင်း
အိပ်ရာခင်းကို ပုံမှန်မလျှော်ဘဲနဲ့ တစ်ညတစ်ည မှိုတွေ၊ ဘက်တီးရီးယားပိုးတွေ၊ အမှုန်တွေ၊ အညစ်အကြေးတွေ ကပ်ပြီးတော့ ညစ်ပတ်နေတဲ့ အိပ်ရာပေါ်မှာပဲ အိပ်မနေပါနဲ့။ အနည်းဆုံးတော့ နှစ်ပတ်တစ်ကြိမ်လောက် အိပ်ရာခင်းတွေကို ပုံမှန်လျှော်ပေးပါ။
17. ဆားများများ စားခြင်း
အများစုက နေ့စဉ်စားသင့်တဲ့ပမာဏထက် ပိုပြီးဆားကို စားမိကြပါတယ်။ ဆားလျှော့စားတာက နှလုံးရောဂါ ဖြစ်နိုင်ချေကို ၉% လောက် လျော့ကျစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















