ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီအောင် စားကြမယ်
အသင့်စားအစားအစာတွေ၊ အာလူးကြော်တွေ၊ သကြားလုံးတွေက သကြားတွေ၊ ဆားတွေ၊ ပြည့်ဝဆီတွေ အပြည့်ပါပြီးတော့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ကြားနေကြရမှာပါ။ ဒါပေမဲ့လည်း ဒီအစားအစာတွေက စားဖို့လွယ်ပြီးတော့ အရသာလည်းရှိတော့ ဖြတ်ဖို့လည်း ခက်နေတော့ ခက်တာပေါ့။ ဒါဆို ဒီလိုကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ညီအောင် ဒီလိုနည်းတွေနဲ့ စားကြမယ်နော်။
● အစားထိုးပါ။
အာလူးကြော်တွေ စားချင်စိတ်ပေါက်လာရင် အာလူးဖုတ်၊ ပေါက်ပေါက်၊ အခွံမာသီး စတာတွေ စားပေးပါ။ အချိုစားချင်ရင် သကြားစားမယ့်အစား ပန်းသီးဆော့စ်လိုမျိုး သစ်သီးနဲ့ လုပ်ထားတဲ့အချိုကို စားပါ။
● အိမ်မှာ လုပ်စားပါ။
အပြင်စာထက်စာရင် အိမ်မှာ လုပ်စားတာက မကောင်းတာ ပါဝင်မှု နည်းစေပါတယ်။ ကြော်စားမယ့်အစား ဖုတ်စားတာက အရသာရှိရုံသာမကဘဲ အသွင်ပြောင်းဆီနဲ့ ဆားပါဝင်မှုလည်း နည်းပါတယ်။
● အသားတွေကို မချက်ခင်မှာ လှီးဖြတ်ပါ။
အနီရောင်အသားတွေက စားလို့ အရမ်းကောင်းပေမယ့်လည်း ပြည့်ဝဆီနဲ့ ကိုလက်စရောတွေ အများကြီး ပါတာကြောင့် သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီဖို့ဆိုရင် အသားတုံးကိုပဲ ဝယ်ပြီးတော့ မချက်ခင်မှာလည်း အသားတုံး လှီးတဲ့အခါမှာ အဆီတွေတွေ့ရင် ဖယ်ထုတ်လိုက်ပါ။
ကြက်သားလိုမျိုး အသားတွေကတော့ ကျန်းမာရေးနဲ့ညီပါတယ်။ အရေခွံဖယ်ပြီးမှ ချက်ပါ။
● ကြော်မယ့်အစား ကင်စားပါ၊ ပြုတ်စား၊ ပေါင်းစားပါ။
အစားအစာတွေကို ဖုတ်လိုက်၊ ကင်လိုက်တဲ့အခါမှာ ကင်တဲ့အချိန်မှာ အဆီတွေ ထွက်ကျသွားတဲ့အတွက် အဆီပါဝင်မှုကို လျော့ကျစေပါတယ်။
နောက်တစ်နည်းကတော့ ပြုတ်စား၊ ပေါင်းစားတာပါ။ ဆီမထည့်ဘဲနဲ့ အရည်နဲ့ပဲ ပြုတ်ပါ။
ဆေးဖက်ဝင်အပင်တွေ၊ အပင်ကရတဲ့ အရသာတွေနဲ့ အရသာရှိအောင် ချက်စားပါ။
● အစားအစာတွေ အရသာရှိဖို့ ဆားထည့်ပြီး ချက်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဆားအစား အရသာရှိအောင် ထည့်လို့ရတဲ့ အပင်ထွက်ပစ္စည်းတွေ အများကြီးရှိပါတယ်။
ကြက်သွန်ဖြူနဲ့ ဟင်းခတ်အမွှေးအကြိုင် စတာတွေ သုံးလို့ ရပါတယ်။
● အသင့်အတင့် စားပေးပါ။
လေ့လာမှုတွေအရ ကိုယ် အရမ်းစားချင်နေတဲ့အရာကို လုံးဝမစားဘဲနေလိုက်တာက စိတ်ဖိစီးမှုကို တက်စေပြီးတော့ နောက်ပိုင်းမှာ အလွန်အကျွံ စားမိစေပါတယ်။ ဒါကြောင့် တိခနဲ ဖြတ်လိုက်မယ့်အစား နည်းနည်းလေး စားပေးပါ။ ပြီးတော့ ဘာဂါ စားချင်တယ်ဆိုရင်လည်း အထဲက အရွက်တွေကို အရင်စားပြီးတော့ ဆိုဒါတွေတော့ မသောက်ပါနဲ့။
● ကိုယ့်ကိုယ်ကို အလွန်အကျွံ အပြစ်မတင်ပါနဲ့။
တစ်ခါတလေမှာ အလွန်အကျွံ စားမိသွားတာမျိုး ရှိပါတယ်။ ဒီအခါမှာ ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား နောက်နေ့မှာ ပုံမှန်ပြန်စားပြီးတော့ နေ့စဉ်လုပ်တဲ့ လေ့ကျင့်ခန်းမှာ မိနစ် ၂၀ ထပ်တိုးပြီး လုပ်ပေးတာမျိုး လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်ဆက်တင်နေတာက နောက်ထပ် ထပ်ပြီး စားမိစေပါတယ်။
နည်းနည်းစီ ပြောင်းသွားမယ်ဆိုရင် မကောင်းတဲ့အကျင့်တွေကို ဖြည်းဖြည်းချင်း ပြင်ပြီးတော့ သွားနိုင်မှာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















