ခါးထုံဆေးထိုးပြီးနောက်ပိုင်းမှာ ခေါင်းကိုက်နိုင်သလား
ကလေးမွေးတာ၊ အူအတက်ခွဲစိတ်တာစတဲ့ ခွဲစိတ်မှုတွေလုပ်တဲ့အခါမှာ ခါးထုံဆေးထိုးရပါတယ်။ ခါးထုံဆေးထိုးတယ်ဆိုတာက ကျောရိုးမတိုင်ကြီးရဲ့ဘေးပတ်လည်က အရည်လေးတွေပြည့်နေတဲ့နေရာကို ဆေးထိုးအပ်အရှည်နဲ့ ဆေးထိုးထည့်ရတာပါ။ ဒီအခါမှာ spinal fluid လို့ခေါ်တဲ့အရည်လေးတွေက အပ်ထိုးတဲ့နေရာကနေ စိမ့်ထွက်ပြီးတော့ ဦးနှောက်နဲ့ ကျောရိုးမတိုင်ပတ်လည်မှာရှိတဲ့အရည်ဖိအားကိုပြောင်းလဲသွားစေပါတယ်။ အရည်စိမ့်ထွက်တာနည်းနည်းများရင် ခါးထုံဆေးထိုးပြီးနောက်ပိုင်းမှာ ခေါင်းမူးနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုခေတ်မှာတော့ ထုံဆေးထိုးတဲ့အပ်တွေရဲ့ပုံစံက သေချာတိုးတက်လာပြီဖြစ်တဲ့အတွက်ကြောင့် တစ်ကြိမ်လောက်ထုံဆေးထိုးရရုံနဲ့တော့ ခေါင်းမူး ခေါင်းကိုက်တာတွေသိပ်မဖြစ်တော့ပါဘူး။
ခါးထုံဆေးထိုးပြီးနောက်ပိုင်းမှာ ဖြစ်တတ်တဲ့ခေါင်းကိုက်တာက -
• သိပ်ပြီးမပြင်းထန်တာဖြစ်နိုင်သလို မခံမရပ်နိုင်အောင်လည်း ခေါင်းကိုက်နိုင်ပါတယ်။
• ထိုင်လိုက်ရင်ပိုဆိုးပြီးတော့ လှဲအိပ်တဲ့အခါမှာ သက်သာသွားတတ်ပါတယ်။
ဒါတွေအပြင် - မူးဝေထိုင်းမှိုင်းနေတာ၊ နားအူတာ၊ နားသိပ်မကြားတာ၊ အမြင်အာရုံတွေဝေဝါးတာ၊ ပျို့တာ၊ လည်ပင်းတောင့်နေတာတွေပါ ခံစားရနိုင်ပါတယ်။
Bio Adult 1

>> ဘယ်လိုကုသလို့ရသလဲ
ခါးထုံဆေးကြောင့်ခေါင်းကို်က်တာမျိုးက ဘာကုသမှုမှမခံယူဘူးဆိုရင် ၂ရက်ကနေပြီးတော့ ရက်သတ္တပတ်အတော်ကြာမှာ ပြန်ကောင်းသွားနိုင်ပါတယ်။
ကုသမှုခံယူဖို့လိုတယ်ဆိုရင် အောက်ပါကုထုံးတွေလိုအပ်ပါတယ်။
♦ သွေးပြန်ကြောထဲကနေပြီးတော့ အရည်တွေသွင်းပေးဖို့လိုပါတယ်။ ဒါက CSF ရဲ့ဖိအားကိုပြန်တက်စေပါတယ်။
♦ ကဖင်း - ဆရာဝန်က ကဖင်းဓာတ်ပါဝင်မှုများတဲ့ ဖျော်ရည်တွေသောက်ဖို့အားပေးပါလိမ့်မယ်။
♦ အိပ်ရာထဲမှာအနားယူပါ။ ၂၄-၄၈ နာရီလောက်အိပ်ရာထဲမှာနားပေးဖို့ိလိုပါတယ်။
♦ ဆေးများ - အပေါ်ကနည်းလမ်းတွေနဲ့မှမသက်သာဘူးဆိုရင် ဆရာဝန်က အကိုက်အခဲပျောက်ဆေး တွေသောက်ဖို့ညွှန်ပါလိမ့်မယ်။
♦ အရည်စိမ့်ထွက်နေတဲ့နေရာလေးကို သွေးခဲနဲ့ပြန်ပိတ်ခြင်း - ခွဲစိတ်ပြီးနောက်မှာ ခေါင်းမူး ခေါင်းကိုက် အရမ်းဆိုး နေတယ်ဆိုရင် မေ့ဆေးဆရာဝန်က စိမ့်ထွက်နေတဲ့နေရာလေးကို သွေးခဲနဲ့ပြန်ပိတ်ပေးလို့ရအောင် လုပ်ပေးတာမျိုးလည်းရှိပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)














