/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးနာခြင်းရဲ့-တရားခံ

ခါးနာခြင်းရဲ့ တရားခံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်ကိုယ်တိုင်မှာရော၊ ဘေးပတ်ဝန်းကျင်က လူတွေမှာပါ ခါးနာခြင်းဝေဒနာကို ခံစားနေသူတွေ များပြားလှပါတယ်။

          အသက် ၆၀ ကျော်လာတဲ့အခါ ကျောဆစ်ရိုးတွေ ကျဉ်းလာတာ၊ အရိုးအဆစ်တွေ ပျက်စီးလာတာကြောင့် ခါးနာလေ့ရှိသလို အခြားအကြောင်းရင်းတွေကြောင့်လည်း နာတတ်ပါသေးတယ်။ လူတွေ သိပ်မသိကြတဲ့ ခါးနာစေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -

 

1.      ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်ကြောင့် ခါးဆစ်ရိုးသွေးကြောတွေ သွေးကောင်းကောင်းမစီးဘဲ အရွယ်မတိုင်မီ ခါးဆစ်ရိုး ပျက်စီးမှု စတင်လာပြီး ခါးနာလာနိုင်ပါတယ်။ နောက်လေ့လာမှု တစ်ခုမှာတော့ ခါးနာခြင်းအပေါ် ဦးနှောက်ရဲ့တုံ့ပြန်မှုကို ဆေးလိပ်က ပိုဆိုးစေနိုင်တယ်လို့ ဆိုပါသေးတယ်။

 

2.      အထိုင်များခြင်း

          အထိုင်များခြင်းက ခါးဆစ်ရိုးဖိအားကို များစေပြီး ခါးဆစ်ရိုးထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ ခါးဖိအားနည်းစေဖို့ နာရီဝက် တစ်ခါလောက် အကြောဆန့်၊ အညောင်းအညာပြေ လမ်းလျှောက်သင့်ပါတယ်။

 

3.      စိတ်ဖိစီးမှု

          စိတ်ဖိစီးမှု များတဲ့အခါ ကြွက်သားတွေ တောင့်တင်းလာပြီး ခါးဆစ်ရိုးကို ကျွံထွက်နာကျင်လာစေနိုင်သလို နာကျင်ခြင်း ခံနိုင်ရည်အားကိုလည်း လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စတာတွေနဲ့ လျှော့ချနိုင်ပါတယ်။

 

4.      လေယာဉ်စီးခြင်း

          လေယာဉ်ထဲက လေထုဟာ ခါးဆစ်ရိုးကို သွားသွားဆွတဲ့အတွက် လေယာဉ် အကြာကြီး စီးပြီးချိန် အလေးအပင်တွေ မတဲ့အခါ၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တဲ့အခါ ခါးဆစ်ရိုးဓာတ် ဖြစ်တတ်ပါတယ်။ လေယာဉ် အကြာကြီး စီးပြီးချိန်မှာ အကြောဆန့်၊ လမ်းလျှောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

 

5.      အစားအသောက်

          အဝလွန်ခြင်းကြောင့် ခါးနာတတ်တယ် ဆိုတာကို သိထားပြီးသား ဖြစ်ကြမှာပါ။ စတန်းဖို့တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အလွန်အမင်း အဝလွန်သူတွေဟာ သူများတွေထက် ၄ ဆ ခါးပိုနာတတ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်နေ့ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ခါးနာခြင်းကို ၃၂% လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

          ဒါ့အပြင် ပြုပြင်ထားတဲ့ သကြားအဖြူတွေဟာလည်း ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး ခါးနာစေနိုင်ပါတယ်။ ဒါကြောင့် ကွတ်ကီး၊ ဒိုးနပ်၊ ကိတ်မုန့်နဲ့ အခြားအချိုမုန့်တွေကို ရှောင်ဖို့လိုပါတယ်။

 

6.      အိပ်ရာ

          အိပ်ရာက နိုးချိန်မှာ ခါးနာနာနေတတ်တယ်ဆိုရင် အိပ်ရာ အရမ်းပျော့နေလို့ ဖြစ်နိုင်ပါတယ်။ အိပ်ရာပျော့နေခဲ့ရင် ခါးအပေါ် ကိုယ်အလေးချိန် သက်ရောက်မှု မညီမျှတဲ့အတွက် နာကျင်လာစေပါတယ်။ မမာလွန်း မပျော့လွန်း အနေအထားက အကောင်းဆုံး ဖြစ်ပါတယ်။

 

7.      ဖုန်းပြောခြင်း

          ဖုန်းကို ပခုံးနဲ့ နားကြား ညှပ်ညှပ်ပြောတတ်သူတွေမှာ လည်ပင်း နာနိုင်ပြီး ခါးအထိ ပြန့်လာနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ စာအရိုက်များသူတွေမှာ လည်ပင်းကို ဒဏ်ဖြစ်စေနိုင်လာပါတယ်။ ဒါကြောင့် ဖုန်းပြောတဲ့အခါ နားကြပ်တပ်ပြောတာ၊ ဖုန်းနဲ့ စာရိုက်တာ လျှော့တာ၊ ရိုက်တဲ့အခါ မျက်နှာနဲ့ တစ်တန်းတည်းထား ရိုက်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

 

>>    ခါးနာနေသူတွေမှာ -

          လှုပ်ရှားမှုက နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ခါးနာ သက်သာသွားချိန်မှာ ခါးကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေပါ တွဲလုပ်ပေးရပါမယ်။

          အလေးအပင် မတဲ့အခါ ခါးကုန်းပြီး မ,မဘဲ ဒူးကို နည်းနည်းကွေးပြီး ပေါင်ဆစ်ကို အားသုံးကာ မ,သင့်ပါတယ်။ ဒါကြောင့် အိုလံပစ် အလေးမသမားတွေဟာ ကိုယ်ဟန်အနေအထားကို မှန်အောင် အလေးထားတဲ့အတွက် ခါးနာလေ့မရှိတော့ဘဲ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)