ခေါင်းတစ်ခြမ်းကိုက်ခြင်း
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အင်မတန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် တစ်ခါတလေ ကိုယ့်ကိုယ်ကို ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိမှန်းမသိတဲ့အခါ ဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှောင်ရကောင်းမှန်းလည်းမသိ ဖြစ်တတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းမှာ အဆင့် (၄) ဆင့် ရှိပါတယ်။
>> အဆင့် (၁) : ကနဦးအဆင့်
ခေါင်းတစ်ခြမ်း မကိုက်မီ (၁) ရက်၊ (၂) ရက် အလိုလောက်မှာ -
● ရေဆာခြင်း
● ဆီး ခဏခဏသွားခြင်း
● ချဉ်ခြင်း တက်ခြင်း
● ဝမ်းချုပ်ခြင်း
● ဇက်တောင့်ခြင်း
● စိတ်ခံစားချက် အပြောင်းအလဲ
● မကြာခဏ သမ်းဝေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုလက္ခဏာတွေ ဖြစ်လာခဲ့ရင် အမြန်ဆုံး ဆရာဝန် ညွှန်တဲ့ဆေးပဲဖြစ်ဖြစ်၊ Excedrin လိုမျိုး ဆေးဆိုင်တွေမှာ ဝယ်ယူရနိုင်တဲ့ဆေးမျိုးကို ကြိုသောက်ထားသင့်ပါတယ်။
>> အဆင့် (၂) : မူမမှန် ခံစားချက်အဆင့်
ခေါင်းတစ်ခြမ်းကိုက်သူ (၃) ယောက်မှာ (၁) ယောက်လောက်ဟာ ခေါင်းမကိုက်မီမှာ အလငး်တန်း၊ အစင်းကြောင်း၊ အစက်အပျောက်စတဲ့ အမြင်အာရုံများ၊ အနံ့ဆိုးဆိုး နံခြင်း၊ စကားပြော ခက်ခဲခြင်း၊ ကိုယ်တစ်ခြမ်း လေဖြတ်သလို ထုံကျဉ်ခြင်းတို့ ဖြစ်တတ်ပြီး မိနစ် (၂၀) မှ (၆၀) ခန့်အထိ ကြာနိုင်ပါတယ်။
>> အဆင့် (၃) : ခေါင်းတစ်ခြမ်းကိုက်ခြင်းအဆင့်
● တစ်ဆစ်ဆစ်နဲ့ ခေါင်းထိုးကိုက်ခြင်း
တစ်ဆစ်ဆစ်နဲ့ ခေါင်းထိုးကိုက်ခြင်းဟာ ခေါင်းတစ်ခြမ်းမှာသာ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံ နှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပြီး (၄) နာရီမှ (၇၂) နာရီလောက်အထိ ကိုက်တတ်ပါတယ်။ ရံဖန်ရံခါ ပေါ်လာတတ်ပြီး နာတာရှည် ဖြစ်သွားတဲ့အခါ တစ်လ (၁၅) ရက်လောက်နဲ့ (၃) လဆက်တိုက်လောက် ဖြစ်နိုင်ပါတယ်။
● ပျို့ခြင်း၊ အန်ခြင်း
● အလင်းနဲ့ ဆူညံသံတွေ မခံနိုင်ခြင်း
ခေါင်းတစ်ခြမ်း ကိုက်နေချိန်မှာ ပုံမှန်မီးလုံး၊ ဖုန်းစခရင်စတဲ့ အလင်းရောင်တွေ၊ အသံတွေ၊ အနံ့တွေကို မခံနိုင် ဖြစ်လာတတ်ပါတယ်။ ပိုပိုဆိုးလာခဲ့ရင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကိုတောင် ထိခိုက်လာနိုင်ပါတယ်။
>> အဆင့် (၄) : နာလန်ထအဆင့်
ခေါင်းကိုက်တာ သက်သာသွားတဲ့အခါ တစ်ကိုယ်လုံး နုံးချိပြီး ပင်ပန်းစိတ်ရှုပ်နေပါလိမ့်မယ်။
အားလုံး ဒီအဆင့် (၄) ဆင့်ကို ဖြတ်ကျော်ရမယ်လို့ မဆိုလိုပါဘူး။ တချို့တွေမှာ ခေါင်းလုံးဝမကိုက်ဘဲ မူမမှန် ခံစားချက်တွေသာ ဖြစ်တတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ ဆက်သွယ်သင့်သလဲ?
ဆေးဆိုင်က ဆေးတွေလောက်နဲ့ မသက်သာတဲ့အခါ၊ သို့မဟုတ် တစ်လကို (၁၀) ကြိမ်မှ (၁၅) ကြိမ်ထက် ပိုပြီးသောက်နေရရင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ဆေးခန်းမှာ ပြနေရင်းနဲ့ ပိုရှုပ်ထွေးတဲ့ကုသမှုတွေ လိုလာခဲ့ရင်တော့ ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အရေးကြီးတာက ဆရာဝန်နဲ့ ပြဖြစ်အောင် ပြသဖို့ပါ။ ဆေးဆိုင်က ဆေးတွေချည်း ဝယ်သောက်နေရင် ကြာလာတဲ့အခါ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ကြောက်ရပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းလေး လုပ်ထားပေးပါ။ ဒါမှ ဘယ်လိုအရာတွေက ခေါင်းကိုက်ခြင်းကို လှုံ့ဆော်တတ်သလဲဆိုတာ တွေ့ရပြီး ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။
မျိုးရိုးလိုက်တတ်တာကြောင့် ဆွေမျိုး၊ မိသားစုထဲမှာလည်း ဒီလိုလက္ခဏာတွေ ခံစားရသူ ရှိ၊ မရှိ မေးကြည့်ပါ။
ခေါင်းကိုက်တာဟာ အခြားရောဂါတွေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တာကြောင့် ခေါင်းကိုက်ခဲ့ရင် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။
ဥပမာ -
● ခေါင်းထိခိုက်မိပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း
● ချောင်းဆိုးတိုင်း၊ လှုပ်ရှားတိုင်း ခေါင်းကိုက်ခြင်း
● ရုတ်တရက် မိုးကြိုးပစ်လိုက်သလို ခေါင်းကိုက်ခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)















