ချောင်းစိုဆိုးခြင်း (ချွဲသလိပ်ထွက်ခြင်း)
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကနေ ချွဲသလိပ်တွေထွက်ပြီး ချောင်းဆိုးတာကို ချောင်းစိုဆိုးတယ်လို့ခေါ်ပါတယ်။ ဒီလိုချွဲသလိပ်ထွက်တယ်ဆိုတာက သဘာဝအတိုင်းသန့်စင်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုချွဲသလိပ်ထွက်ပြီးချောင်းဆိုးရတဲ့ အဖြစ်များတဲ့အခြေအနေတွေကတော့-
1. အအေးမိခြင်း - နှာရည်ယိုခြင်း၊ နှာချေခြင်း၊ မျက်ရည်များကျခြင်း၊ ကိုယ်အနည်းငယ်ပူခြင်း (101.5’F အောက်) နဲ့ လည်ချောင်းထဲကိုအချွဲများပြန်ဆင်းခြင်းစတဲ့လက္ခဏာတွေနဲ့အတူ ချွဲသလိပ်ထွက်ပြီးချောင်းဆိုးနိုင်ပါတယ်။
♦ ရောဂါဖြစ်စေသောအကြောင်းအရင်းများ - ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးပေါင်း ၂၀၀ ကျော် ကြောင့်ဖြစ်နိုင်ပြီးတော့ rhinovirus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်အများဆုံးဖြစ်ပါတယ်။
♦ ရောဂါကြာချိန်- ရောဂါလက္ခဏာတွေက ၂ရက်မှ ၁၄ ရက်အထိကြာနိုင်ပေမယ့် အများစုကတော့ ၁၀ ရက်အတွင်းပြန်လည်နေကောင်းလာလေ့ရှိပါတယ်။
♦ အရေးကြီးသောအချက်များ - အအေးမိခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေကိုသာနိုင်တဲ့ ပိုးသတ်ဆေးက အအေးမိတာကိုကုသနိုင်မှာမဟုတ်ပါဘူး။
- နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါ၊ လေပြွန်ရောင်ခြင်း - ချောင်းဆိုးချွဲထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ မောခြင်းနှင့် အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း။
♦ ရောဂါဖြစ်စေသောအကြောင်းအရင်းများ- ဆေးလိပ်သောက်ခြင်း (သို့) လေထုညစ်ညမ်းစေသောအရာများ၊ အဆုတ်ကိုထိခိုက်စေသောအရာများနှင့် အချိန်ကြာရှည်စွာထိတွေ့မှုရှိခြင်း။ မကူးစက်နိုင်ပါဘူး။
♦ ရောဂါကြာချိန်နှင့် ကုထုံး- နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့ရောဂါက တစ်သက်လုံးရှိနေမယ့်အခြေအနေတစ်ခုဖြစ်ပြီး ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီရောဂါကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာပိုဆိုးလာရင် (သို့) ဒီရောဂါကြောင့် ချောင်းဆိုးတယ်လို့ထင်ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားပြပါ။
(Unicode)
















