/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချောင်းဆိုးတာ-ကြာနေပြီလား

ချောင်းဆိုးတာ ကြာနေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နည်းနည်းပါးပါး ချောင်းဆိုးတာလောက်က စိတ်ပူစရာမရှိပါဘူး။ များသောအားဖြင့် ရက်ပိုင်း၊ အပတ်ပိုင်း အတွင်းမှာတင် သူ့အလိုလို ပျောက်သွားတတ်တယ်။ ဒါပေမဲ့ တချို့တွေကျတော့ ၁ လတန်သည်၊ ၂ လတန်သည် ချောင်းဆိုးမပျောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုကြာလာရင် ဘာများဖြစ်တာလဲလု့ိ စိုးရိမ်မိတတ်ကြမှာပေါ့။

          ချောင်းဆိုးတာ ကြာလာပြီး အထူးသဖြင့် တခြားလက္ခဏာတွေနဲ့ပါ တွဲလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့လိုတယ်။ ကံကောင်းထောက်မတာက ၉၀% လောက်မှာ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ချောင်းဆိုး၊ အအေးမိတာ မပျောက်နိုင်တာ၊ အက်ဆစ် ပြန်ဆန်တက်တာ၊ ဆေးရဲ့နောက်ဆက်တွဲ စသဖြင့် အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်။ အနည်းအကျဉ်းမှာတော့ နမိုးနီးယားလိုမျိုး ပိုးဝင်တာ၊ နာတာရှည် ပန်းနာရင်ကြပ်၊ နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ၊ အဆုတ်ကျုံ့ရောဂါတွေနဲ့ အဆုတ်ကင်ဆာတွေကြောင့် ဖြစ်နေတတ်တယ်။

          အအေးမိတာ မပျောက်နိုင်တာကြောင့် ဆိုရင်တောင် ချောင်းဆိုးတာကြောင့် ညဘက် အိပ်မရတာ၊ ကြွက်သားတွေ နာတာ၊ ချွေးစေးတွေပြန်တာ၊ မူးဝေတာတွေ ဖြစ်နိုင်တယ်။ အသံကြီးလည်း သြလာပြီး တစ်ချို့မှာဆို ဆီးတောင် ထွက်ကျနိုင်လာတယ်။

          တကယ်လို့ နာတာရှည် ချောင်းဆိုးနေပြီ ဆိုရင်တော့ ဒီမေးခွန်းတွေကို ကိုယ့်ဟာကိုယ် မေးကြည့်ပါ။

၁။     ချောင်းဆိုးတာ ဘယ်လောက်ကြာပြီလဲ? သက်သာလာသလား?

          တစ်ခုခု ဖြစ်နေလားဆိုတာကို သိရဖို့ အဓိကသဲလွန်စပါ။ အအေးမိ၊ တုပ်ကွေးလိုမျိုး ချောင်းဆိုးတာ အတော်များများဟာ ၄ ပတ်ကနေ ၆ ပတ်လောက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ သက်သာသွားတတ်ကြတယ်။

          ၄ ပတ်ထက် မကျော်သေးရင် စိတ်ပူစရာ သိပ်မလိုဘူး။ အအေးမိတာ အရမ်းဆိုးရင် ၆ ပတ်ကနေ ၈ ပတ်လောက်ထိ ကြာတတ်တယ်။ ရှင်းလင်းသိသာတဲ့ အကြောင်းရင်းရှိရင်လညး် စိတ်ပူစရာမလိုဘူး။

          ဘာကြောင့်မှန်းမသိဘဲ ဆိုးနေတဲ့ချောင်းက ၄ ပတ်ထက် ပိုကြာလာပြီ၊ ဘယ်ချောင်းဆိုးတာမဆို ၈ ပတ်ထက် ပိုကြာလာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုပါပြီ။ စိုးရိမ်စရာတော့ မလိုတတ်ပေမယ့် ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။

 

၂။     ချောင်းဆိုးတာ ဘယ်လောက်ဆိုးလဲ?

          နည်းနည်းပါးပါး ချောင်းဟန့်တာလောက်ပဲလား? သေလုမျောပါး ကုန်းဆိုးရပြီး တခြားလူတွေပါ ထွက်ပြေးရလောက်အောင် ဆိုးတာလား?

          အရမ်းဆိုးနေပြီဆိုရင် အရေးကြီးတယ်နော်။ ညဘက် နိုးနိုလာတယ်ဆိုရင်လည်း သတိထားဖို့ လိုပါတယ်။

          ပိုးဝင်တာလိုမျိုး ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်နိုင်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဘဝနေထိုင်ပုံကို နှောင့်ယှက်ရလောက်အောင် ဆိုးနေရင်တော့ ဆရာဝန်နဲ့ ပြသင့်တာပေါ့။

 

၃။     သလိပ် အရောင်ပြောင်းလာသလား?

          သာမန်အအေးမိတာလောက်က သလိပ်ဖြူဖြူကြည်ကြည်လေးတွေလောက်ပဲ ထွက်တတ်တယ်။ ဘာမှ သိပ်ပြီးအရေးမကြီးပါဘူး။ သလိပ် ဝါဝါစိမ်းစိမ်းတွေ ထွက်နေပြီ ဆိုရင်တော့ ပိုးဝင်တာ ပိုဆိုးတာ၊ ဒါမှမဟုတ် နောက်ခံအကြောင်းရင်းတစ်ခုခု ဖြစ်နေနိုင်ပါတယ်။

 

၄။     တခြား ဘာလက္ခဏာတွေ တွေ့ရသေးလဲ?

          နှာစေးနေတာ၊ လည်ချောင်း နာနေတာတွေပါ တွဲရှိနေရင် အအေးမိလို့ ချောင်းဆိုးတာ ဖြစ်နိုင်ပါတယ်။ မောတာလိုမျိုး တခြားလက္ခဏာတွေရှိနေရင်တော့ အရေးကြီးလာပြီပေါ့။

          တကယ်လို့ နာတာရှည် ချောင်းဆိုးတာကြောင့် ပင်ပန်းတာ၊ ခေါင်းမူးတာတွေ ဖြစ်လာရင်၊ ရင်ဘတ်၊ ဒါမှမဟုတ် ဗိုက်နာလာရင်၊ ဆီးတွေ ထွက်ကျလာရင်လည်း ဆရာဝန်နဲ့ ပြကြည့်လိုက်ပါ။

          သွေးတွေပါနေလား? ဆရာဝန်နဲ့ပြသင့်တဲ့ သတိပေးခေါင်းလောင်းသံ တစ်ချက်ပါပဲနော်။ အဖြစ်အများဆုံး အကြောင်းရင်းကတော့ လေပြွန်ရောင်တာပါ။ အဆုတ်ရောင်၊ နာတာရှည် လေလမ်းကြောင်းပိတ်ရောဂါ၊ သွေးခဲ၊ တီဘီ၊ အဆုတ်ကင်ဆာ၊ အရေပြားလေးဘက်နာလိုမျိုး ခုခံအား ကမောက်ကမရောဂါတွေကြောင့်လည်း ဖြစ်တတ်သေးတယ်။ ဒါကြောင့် ချောင်းဆိုးသွေးပါနေပြီ ဆိုရင်တော့ ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုပါတယ်။

          တခြားလက္ခဏာတွေက ချောင်းဆိုးခြင်းရဲ့ အကြောင်းရင်းကို အများကြီး ဖေ်ာပြနိုင်တယ်။ အသက်ဝဝ ရှူမရတာဟာ ရက်တစ်ရာ ချောင်းဆိုးသော်လည်းကောင်း၊ ပန်းနာရင်ကြပ်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။       တီဘီ၊ နာတာရှည် လေလမ်းကြောင်းပိတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးညှစ်အားနည်းရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။

          ပန်းနာရင်ကြပ်ဟာ ချောင်းဆိုးတာအပြင် တရွှီရွှီမြည်တာ၊ ရင်ကြပ်တာတွေနဲ့ လာတတ်ပါတယ်။ တီဘီကြောင့်ဆို ကိုယ်အလေးချိန်ကျတာ၊ နှလုံးညှစ်အားနည်းရောဂါမှာဆို လှဲအိပ်လိုက်တဲ့ အချိန်မျိုးမှာဆိုရင် ခြေထောက်တွေ ဖောလာတာတွေ ဖြစ်တတ်တယ်။ ဖျားနာနေတယ်ဆိုရင် အဆုတ်ရောင်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ ရက်တစ်ရာချောင်းဆိုးတွေ ဖြစ်နိုင်တယ်။

          အဖျားကြီးလာရင်၊ ရုတ်တရက်ကြီး ချောင်းဆိုး၊ မောလာရင် ဒါမှမဟုတ် ရင်ဘတ် အောင့်လာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)