/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ကျရောဂါ-ဖြစ်နေလား-ဒါတွေ-စစ်ဆေးကြည့်ပါ

စိတ်ကျရောဂါ ဖြစ်နေလား ... ဒါတွေ စစ်ဆေးကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင်ရဲ့ခန္ဓာကိုယ်သာ မကျန်းမာဘူးဆိုရင် ဆရာဝန်က စမ်းသပ်မယ်။ ပြီးရင် သက်ဆိုင်ရာရောဂါအလိုက် သွေးစစ်၊ ဆီးစစ်တာတွေ လုပ်မယ်။ အဲဒါဆို ရောဂါကို အတည်ပြုလို့ ရပြီ။
တကယ်လို့ စိတ်ကသာ မကျန်းမာတာဆိုရင်ရော။ ဒါဆိုရင်တော့ ရောဂါကို ရှာဖွေအတည်ပြုဖို့ ပိုပြီးရှုပ်ထွေးသွားပါပြီ။ ဘာလို့ဆို စိတ်ရောဂါတွေက သွေးစစ်ပြီးမှ ရှာလို့မရတာ။
တကယ်လို့ သင်က သင့်ကိုသင် စိတ်ကျရောဂါရဲ့လက္ခဏာတွေ ရှိနေတယ်ထင်လို့ ဆရာဝန်ကို သွားပြပါပြီတဲ့။ ဆရာဝန်က သင်ခံစားရတဲ့လက္ခဏာတွေကို မေးမြန်းမယ်။ တခြား ကျန်းမာရေးလက္ခဏာတွေကို စမ်းသပ်မယ်။ ပြီးရင် အရင်က ကျန်းမာရေးအခြေအနေ ဘာတွေဖြစ်ဖူးလဲ၊ နောက်ပြီး မိသားစုဝင်ထဲမှာ စိတ်ရောဂါတွေ ဖြစ်ဖူးလား စတာတွေ မေးပါလိမ့်မယ်။
စိတ်ကျရောဂါကို ရှာဖွေဖို့ သွေးစစ်လို့မရပေမယ့် စိတ်ကျရောဂါနဲ့ လက္ခဏာတူတဲ့ တခြားရောဂါတွေကို အရင်စစ်ဆေးဖို့ သွေးစစ်ခိုင်းပါလိမ့်မယ်။
သွေးအားနည်းရောဂါ ရှိ၊ မရှိကို သိရဖို့ သွေးဖြူဥ၊ သွေးနီဥ၊ သွေးမွှား စတာတွေကို စစ်ဆေးပါလိမ့်မယ်။
သိုင်းရိုက်ဟော်မုန်းနည်းနေ၊ များနေရင်လည်း စိတ်တက်၊ စိတ်ကြွနေတာတွေရှိနိုင်လို့ သိုင်းရိုက်ပမာဏကို စစ်ဆေးရပါမယ်။
ပြီးရင်တော့ urea နဲ့ creatinine လို့ခေါ်တဲ့ ကျောက်ကပ်က စွန့်ထုတ်ပေးတဲ့ဓာတ် (ကျောက်ကပ်အဆိပ်) တွေကို စစ်ရပါမယ်။ ကျောက်ကပ်ရောဂါကလည်း စိတ်ကျရောဂါရဲ့လက္ခဏာနဲ့ ဆင်တူသလို စိတ်ကျရောဂါအတွက် ဆေးတွေ မပေးခင်မှာလည်း ကျောက်ကပ် ကောင်း၊ မကောင်း သိထားဖို့ လိုပါတယ်။
အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို သိနိုင်ဖို့လည်း သွေးစစ်ရပါမယ်။ သူလည်း ကျောက်ကပ်နဲ့ အလားတူ စိတ်ကျရောဂါလက္ခဏာနဲ့ ဆင်တူတဲ့အတွက် ဆေးမပေးခင် သိထားဖို့ လိုပါတယ်။
သွေးထဲက သကြားဓာတ်၊ ဒါကတော့ ဘယ်လိုဆက်စပ်နေတယ် သေချာမသိကြသေးပေမယ့် ဆီးချိုရောဂါနဲ့ စိတ်ကျရောဂါက တွဲပြီး ဖြစ်တတ်သလို ဆီးချိုရောဂါရှိတဲ့လူတွေမှာ စိတ်ကျရောဂါ အဖြစ်များတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကိုလက်စထရောဓာတ်၊ သူကတော့ စိတ်ကျရောဂါနဲ့ ဆက်စပ်မှုမရှိပေမယ့် သွေးတွင်းအဆီများတာက ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ သွေးကြောပိတ်တာ၊ သွေးကြောကျဉ်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးမပေးခင်လည်း သိထားဖို့ လိုပါတယ်။
ကယ်လ်စီယမ် နဲ့ မဂ္ဂနီစီယမ်ဓာတ်၊ ဒါကတော့ ရှားပေမယ့် ဒီဓာတ်တွေ များနေ၊ နည်းနေတာကလည်း စိတ်ရောဂါ ဖြစ်စေပါတယ်တဲ့။
ဖောလိတ်နဲ့ ဗီတာမင်ဘီတွဲ၊ သူတို့နှစ်ခုနည်းရင် သွေးအားနည်းတတ်ပြီး စိတ်ကျရောဂါရဲ့ လက္ခဏာနဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ဖြစ်စေပါတယ်။
သွေးအဖြေတွေရလာရင်၊ တစ်ခုခုချို့ယွင်းနေရင် သူ့ကြောင့် ဖြစ်တဲ့ရောဂါကို ကုသပေးပါလိမ့်မယ်။
အဲလိုမဟုတ်ဘဲ အပေါ်က ရောဂါတွေ တစ်ခုမှမရှိခဲ့ရင်တော့ စိတ်ရောဂါကုဆရာဝန်နဲ့ ပြသရပါလိမ့်မယ်။ ဒီအခါမှာ ဆရာဝန်က စိတ်ကျရောဂါနဲ့ တခြားစိတ်ရောဂါတွေကို ခွဲခြားပေးပြီး စိတ်ကျရောဂါ သေချာရင်တော့ ကုသမှုတွေ ပေးပါလိမ့်မယ်။ ဆေး၊ ဒါမှမဟုတ် စကားပြောပြီး ကုသတာ၊ နှစ်မျိုးလုံး တစ်ခါတည်း ကုသတာ ဖြစ်ဖြစ်ပေါ့။

Dr. Htar (www.drmyanmar.com)