/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဓာတ်-အကြီးအကျယ်-ကျနေပြီဆိုရင်-ဒီနည်းလေးတွေ-စမ်းကြည့်ပါ့လား

စိတ်ဓာတ် အကြီးအကျယ် ကျနေပြီဆိုရင် ဒီနည်းလေးတွေ စမ်းကြည့်ပါ့လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အတက်အကျများတဲ့ လောကဓံကို ဂျိုနဲ့လားလို့ ပြန်မေးကြည့်ရအောင်။ တချို့နည်းလေးတွေက တကယ်အလုပ်ဖြစ်တယ် သိလား။ ဘာတွေလဲ သိရအောင်  ဖတ်ကြည့်နော် ...

♦        အရင်တုန်းက သီချင်းဟောင်းလေးတွေ၊ ခေတ်စားခဲ့ဖူးတဲ့သီချင်းတွေ ပြန်နားထောင်ကြည့်။

          " ညနေခင်းရဲ့လေပြည်ထဲမှာ ... မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ... " အဲဒါမျိုးလေးတွေ နားထောင်မိရင် ပြန်ငယ်သွားပြီး လန်းသွားသလို ခံစားရတယ်။ သင်အကြိုက်ဆုံးသီချင်းရော ... ရှိဖူးလား။

♦        ဘယ်သူ့မှ ရင်ဖွင့်ရာမရှိရင် စာရွက်တစ်ရွက်ယူပြီး ကောက်ရေးပစ်လိုက်ပါ၊ ချဉ်တဲ့သူတွေကို ပက်ပက်စက်စက် ကလော်ဆဲပါ။ ဒုက္ခပေးတဲ့သူနာမည်တွေကို  စာနဲ့ရေးဆဲပါ။ နှုတ်ကလည်း ရွတ်ပါ။ ပြီးရင် ဆဲစာတွေကိုတော့ လွင့်ပစ်ဖို့ မမေ့ပါနဲ့။

♦        ရည်းစားစာတွေ ပြန်ဖတ်ပါ။  အဲဒီလို အီးမေးလ်တွေကို folder တစ်ခု ဖွင့်ပါ။ လက်ရေးစာအိတ်နဲ့ စာတွေကို ချောင်တစ်ချောင်မှာ ထိုးထားလိုက်ပါ။   စိတ်ညစ်ရင် ပြန်ဖတ်ပါ။ ပြီးရင် တဟီးဟီးခွီပါ။ တစ်ယောက်တည်း ခွွီလို့အားမရရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အခွီတွေကို ဖုန်းဘေလ်ကုန်ခံ မျှဝေလိုက်ပါ။ ဘယ်သူက ဘယ်လိုကြောင်ပြီး ငါ့ဆီ ဘယ်လိုလေး ရေးခဲ့ဖူးပါတယ်ပေါ့။ စိတ်ရောမှန်ရဲ့လား မသိဘူးနော်တို့ ... ဘာတို့။ တကယ်တော့ အချစ်ဟောင်းတွေဆီက အီးမေးလ်တွေ၊ စာတွေက လူကို နုပျိုသွားစေသလားလို့။

♦        ပုံဆွဲပါ။ အထူးသဖြင့် အကြိုက်ဆုံးမင်းသားတွေရဲ့ပုံတွေကို ကူးဆွဲပါ။ ကြောင်က ကျားဖြစ်၊ ကြွက်က ဆင်နဲ့တူလောက်အောင် စကေး သိပ်ကြမ်းရင်လည်း ဆက်သာ ဆွဲပါ။ ပြီးရင် အိပ်ခန်းထဲမှာ ကပ်ထားပါ။ သင်ကြိုက်ခဲ့ဖူးတဲ့မင်းသားတွေသာ သူတို့ပုံကို  သင်ဆွဲတဲ့ပုံကိုမြင်ပြီး ချက်ချင်း တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေချင်လောက်အောင် ဖန်တီးနိုင်စွမ်း ပက်ပက်စက်စက် အားကောင်းပါစေ။

♦        အမေ့ပိုက်ဆံအိတ်ထဲက မုန့်ဖိုးနှိုက်နေတုန်း အဖေ မိသွားတဲ့အချိန်တို့။ ရည်းစားနဲ့ ကျူနေတုန်း အဘွားက လှမ်းကြည့်ပြီး နင့်အသံက  ညောင်ညိညိနဲ့ ဘာတွေပြောနေတာတုန်း မေးတဲ့အချိန်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး သိမှုမှတ်ဉာဏ် ပြန်တည်ဆောက်လိုက်တဲ့အခါ အရှိအတိုင်း မြင်လာတယ်။ အနေရခက်ခဲ့ဖူးတာလေးတွေ ပြန်တွေးကြည့်။ အခု ဟာသဖြစ်ခဲ့့ပြီ မဟုတ်လား။

♦        ငယ်ငယ်က ဓာတ်ပုံလေးတွေ ပြန်ကြည့်ပါ။ ငယ်ငယ်ကချောပြီး ကြီးမှ ကျက်သရေ တုံးသွားတယ်လို့ ပြောတတ်တဲ့ ပြောမနာ ဆိုမနာသူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်ပါ။ သူတို့ ပြောတာ မှန်၊ မမှန် သိရအောင် ဖိုတိုဟောင်းတွေ ပြန်ရှုစားပါ။

♦        ကာရာအိုကေသွားပါ။ ကိုယ့်သီချင်းသံကို အားနာပါးနာ နားထောင်မယ့် ပရိသတ်တစ်ယောက် သူငယ်ချင်းကို ခေါက်ဆွဲကြော် ကျွေးပြီး ခေါ်ပါ။

♦        အိမ်သန့်ရှင်းရေးလုပ်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပါ။ အပျင်းမကြီးပါနဲ့။ အတူနေမိသားစုနဲ့ ကျန်းမာသပ်ရပ်တဲ့ အနေအထိုင်ဟာ လူကို အထူးစိတ်ရွှင်လန်းစေမှာပါ။ မိဘက အမြင်ကြည်လာသလို  ငါ တော်တော်သန့်လာပြီဆိုတဲ့ ခံစားချက်နဲ့ အသက်ဆက်ရှင်လို့ရပါပြီ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)