ဆီးချိုရောဂါရဲ့ နိမိတ်ပြလက္ခဏာများ
ဆီးချိုရောဂါဟာ သင့်ခန္ဓာကိုယ်ထဲကို အသံတိတ် ဝင်ရောက်ပြီး ဒုက္ခပေးနိုင်တဲ့အတွက် သူ့ရဲ့ ရောဂါလက္ခဏာတွေကို ဂရုပြုစောင့်ကြည့်ဖို့ လိုပါတယ်။ ဆီးချိုဖြစ်နေနိုင်တဲ့ လက္ခဏာတွေကတော့ -
● ဆီးခဏခဏသွားနေတာ
ဆီးချိုရောဂါကြောင့် သင့်ခန္ဓာကိုယ်ထဲက အစားအစာတွေကို သကြားဓာတ်အဖြစ် ချေဖျက်ရာမှာ အားနည်းလာတဲ့အတွက် သွေးထဲမှာ သကြားဓာတ်တွေ ပုံလာပါတယ်။ ဒီသကြားဓာတ်တွေကို ခန္ဓာကိုယ်က ဆီးထဲက စွန့်ထုတ်ပါတယ်။ ဒါကြောင့် ဆီးခဏခဏသွားတာ၊ ညဘက်တွေပါ အိပ်ရာက ထပြီးသွားရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
● ရေပိုငတ်လာတာ
ဆီးများများသွားရတဲ့အတွက် ရေက နဂိုထက်ပိုပြီး ရေဆာလာပါတယ်။ ဒီအခါမှာ ဆီးချိုသမားတွေ ပြုလုပ်မိတဲ့အမှားတစ်ခုက ရေဆာတာကို အချိုရည်တွေ၊ ဆိုဒါတွေသောက်ပြီး ဖြေရှင်းတဲ့အတွက် သွေးတွင်းသကြားဓာတ်တွေ ပိုပြီးတက်လာစေပါတယ်။
● ကိုယ်အလေးချိန် ကျသွားတာ
ဆီးများများသွားရတာရယ်၊ ဆီးထဲမှာ ကယ်လိုရီတွေ ပါသွားတာရယ်၊ ခန္ဓာကိုယ်က သကြားကရတဲ့ ကယ်လိုရီတွေကို မစုပ်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။
● ဗိုက် ပိုဆာတတ်လာတာ၊ ဆာတာနဲ့ တုန်ယင်လာတာ
သွေးတွင်းပုံမှန်ရှိသင့်တဲ့ သကြားဓာတ်ထက် ပိုကျသွားရင် ချွေးတွေထွက်လာ၊ ချမ်းလာတာ၊ မူးမော်တာ၊ သတိမကောင်းတာ စတာတွေ ဖြစ်တတ်ပါတယ်။
● ပင်ပန်းနွမ်းနယ်နေတာ
အမြဲလိုလို ပင်ပန်းနွမ်းနယ်နေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ ဒါဟာ သင် စားလိုက်တဲ့အစားအစာတွေကို မဖြိုခွဲနိုင်တော့ဘဲ cells တွေဆီ လိုအပ်တဲ့စွမ်းအင်တွေ မရောက်တော့လို့ ဖြစ်ပါတယ်။
● စိတ်တို၊ စိတ်ရှုပ်လာတာ
သွေးတွင်းသကြားဓာတ်တွေ များလာရင်လည်း စိတ်ကျရောဂါနဲ့ ဆင်ဆင်တူတဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
● အမြင်အာရုံ ဝေဝါးလာတာ
တစ်ကိုယ်လုံးရဲ့သကြားဓာတ်နဲ့ မျက်စိမှန်ဘီလူးမှာရှိတဲ့ သကြားဓာတ်က မတူညီဘဲ အရည်တွေ ဝင်လိုက်၊ ထွက်လိုက် ဖြစ်နေတာကြောင့် ဒီလက္ခဏာတွေပေါ်လာတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ဆေးကုလိုက်လို့ သကြားဓာတ်ကျလာတဲ့အချိန်မှာလည်း ဖြစ်တတ်ပြီး ၆ - ၈ ပတ်လောက်အတွင်းမှာ ပုံမှန်ဖြစ်သွားပါတယ်။
● ထိခိုက်ဒဏ်ရာတွေ အနာကျက်ဖို့ကြာတာ
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ သွေးတွင်းသကြားဓာတ်များနေရင် ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ပါတယ်။
● ခြေထောက်တွေ ထုံကျင်လာတာ
ဆီးချိုရောဂါဟာ အာရုံကြောလေးတွေကို ပျက်စီးစေတာကြောင့် ခြေထောက်တွေ ထုံကျင်လာတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ လက်ဖဝါး၊ လက်မောင်းတွေကိုလည်း ထိတတ်ပါတယ်။
● ဆီးလမ်းကြောင်း ပိုးဝင်တာတွေ၊ မှိုပိုးဝင်တာတွေ ခဏခဏဖြစ်တာ
ဆီးထဲမှာ၊ မိန်းမကိုယ်မှာ သကြားဓာတ်တွေ များလာတာကြောင့် ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပိုပြီးပေါက်ဖွားလာစေပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေဟာ သာမန်လူတွေထက် ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။
Dr. Htar (www.drmyanmar.com)















